
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဧပြီ ၂၇ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းသို့ စစ်ကောင်စီက စစ်ကြောင်း ထိုးလာပြီး ပြီးခဲ့သည့် ဧပြီ ၂၃ ရက်မှစတင်ကာ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော် စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။
မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်း နှစ် ကြောင်းခွဲ၍ သရော်ကုန်းရွာ နှင့် ဆားချောင်းရွာ သို့ရောက်ရှိလာပြီး ဒေသခံအချို့ကို ဖမ်းဆီးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခုကတော့ သူတို့လောလောဆယ် စစ်ကြောင်းက မနေ့ကမှစထိုးတာပေါ့နော်။ အရင်ရက်ကတော့ လက်နက်ကြီးတွေပစ်တယ်။ ဒရုန်းတွေချတယ်။ စစ်ကြောင်းကဒီမနက်စထိုးတော့ ထိတွေ့တိုက်ပွဲ ကတော့ ဖြစ်နေတယ်။ သူတို့က စိန်ကန့်လန့်ဘက်ကနေ ပစ်ခတ်ပြီး နှစ်ရွာကို ဖြန့်တက်လာတယ်” ဟု မင်းလှအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဧပြီ ၂၃ ရက်နေ့မှ စတင်ကာ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်နေသည့်အတွက် ရွေးကုန်း၊ သရော်ကုန်၊ မုက္ခာ၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ တောင်ပြတ်၊ ဦးတိုကညင်ပင်၊ ဦးတိုတောင်စု၊ ဦးတိုဗမာစု၊ အင်ကြင်းကုန်း၊ ဝက်ကုန်းနှင့် အခြားကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် စစ်တပ်၏ လက်နက်ကြီးများပစ်ခတ်မှုများအပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ကျောင်းရွာ၊ ရွေးကုန်း၊ ခွက်မ၊ စမ်းဘုတ်၊ ထောက်ကြန့်၊ ပက်တန်း၊ ဂန့်ဂေါ်ပင်၊ ဦးတိုကညင်ပင်၊ အင်ကြင်းကုန်းနှင့် စမ်းတောင်ကွေ့ စသည့် ကျေးရွာပေါင်း၂၀ ကျော်မှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးရှောင်တိမ်းနေရကြောင်းလည်းသိရသည်။
“ညဆိုရင် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေလို့ ပြည်သူတွေ ကြောက်လန့်နေရတယ်။ မြို့ပေါ်နဲ့ တခြားစစ်မဖြစ်တဲ့ရွာတွေကို တိမ်းရှောင်သူတွေကလည်း အခက်အခဲတွေ အရမ်းကြုံနေပါ တယ်” ဟု မင်းလှဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပဲခူးတိုင်း အနောက်ခြမ်းဒေသများဖြစ်သည့် ပြည်ခရိုင်၊ သာယာဝတီခရိုင်များတွင် စစ်ဆင်ရေးစစ်ရေးအရှိန်မြှင့်ရန်နှင့် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနိုင်ရန် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ပြည်) သို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များနှင့် မှော်ဘီ၊ တိုက်ကြီး ဘက်မှ တပ်များဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်အပြင် ပြည်သူ့စစ်များကိုလည်း လက်နက်များ တပ်ဆင်ပေးနေကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#မင်းလှ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #စစ်ဘေးရှောင် #တိုက်ပွဲ #Ayeyarwaddy_Times