
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၅ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပေါ်နေသည့်အတွက် အမှတ် (၈) ပြည်ထောင်စုလမ်းမ ကြီးကို အချိန်အကန့်အသန့်ဖြင့်သာ ဖြတ်သန်းသွားလာခွင့်ပြုတော့မည်ဖြစ်ပြီး ရက်ကန့်သတ် ထားခြင်းမရှိကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ယမန်နေ့ ဧပြီ ၂၄ ရက် တွင် ထုတ်ပြန်သည်။
သရက်ချောင်းမြို့နယ် ဧရိယာအတွင်းရှိ မြိတ် – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ ဧပြီ ၂၄ ရက်မှ စတင်ကာ ည ၇ နာရီ မှ နံနက် ၅ နာရီအတွင်း လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခွင့်မပြုလုပ်ရန် အသိပေးထားသည်။
အဆိုပါ မြိတ် – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားလာခွင့်ကို ထုတ်ပြန်ချက် ထုတ်ပြန်သည့်နေ့မှစ၍ ရက်အကန့်အသန့် မရှိသတ်မှတ်ထားပြီး အချိန်ပိုင်းဖြင့်သာ သွားလာခွင့်ပြုတော့မည်ဖြစ်ကြောင်းသိရသည်။
“မိန်းလမ်းဆိုတော့ စီးပွားရေးလုပ်တဲ့ အရပ်သားပြည်သူကားတွေ အကြောင်းကြားမှုမရှိဘဲ ညဖက်သွား လာတာတွေရှိတယ်။ တိုက်ပွဲဖြစ်ရင်လည်း စစ်ကောင်စီ ဘက်က အရပ်သားပြည်သူတွေရဲ့ကားကို ညအချိန်မတော် အချောဆွဲပြီး စစ်ကူလာတာတွေရှိတယ်”ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထုတ်ပြန်ချက်ထုတ်ပြန်သည့်နေ့မှစ၍ သတ်မှတ်ရက်အတွင်း ယင်း လမ်းပိုင်းအား ဖြတ်သန်း သွားလာကြစဥ် တော်လှန်ရေးအဖွဲ့များ မှ စစ်ဆေးခြင်းများပြုလုပ်မည်ဖြစ်ပြီး ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိ၍သော်လည်းကောင်း၊ ခွင့်ပြုချက်မရှိပဲ သွားလာပါက ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် လုံးဝ လုံးဝ တာဝန်ယူမည် မဟုတ်ပဲ ထိုသူများကို စစ်ရေးအရ ထိရောက်စွာ အရေးယူမည် ဟု သရက်ချောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဆိုသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီတပ်များ နှင့် ဝေးရာတွင် နေထိုင်ကြပါရန် နှင့် စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ မေတ္တာရပ်ခံ တောင်းဆိုထားသည်။
ဓာတ်ပုံ ၊သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။
#တိုက်ပွဲများပြင်းထန် #သရက်ချောင်းမြို့နယ် #အမှတ်၈ပြည်ထောင်စုလမ်းမကြီး #အချိန်အကန့်အသတ် #ဖြတ်သန်းသွားလာခွင့်ပြု #Ayeyarwaddy_Times