
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
ရခိုင်ပြည်နယ်တွင် မြို့နယ်သုံးခုကိုသာ ထိန်းချုပ်နိုင်တော့သည့် စစ်ကောင်စီကို သက်ဆိုးရှည်စေသော ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများ၏ အနာဂတ်သည် အာရက္ခတပ်တော်(AA)အပေါ် မူ တည်နေကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့(AWO)ထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်သည် စစ်ကောင်စီတပ် ရှိနေသေးသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုအနက် တစ်ခုဖြစ်ပြီး ၎င်းသည် ရခိုင်ပြည်တွင်းတိုက်ပွဲ၏ ရလဒ်သက်ရောက်မှုသာမက တစ်နိုင်ငံလုံးအတွက်လည်း အရေးပါသော စီးပွာရေးနှင့် နိုင်ငံရေး ကဏ္ဍတွင်ရှိနေကြောင်း သိရသည်။
“စစ်ကောင်စီက ရခိုင်ရွှေဂက်စ် ရောင်းချမှုအပါအဝင် ရေနံတင်ပို့မှုတွေကနေ တစ်နှစ်ကို ဒေါ်လာ ၅၇၅ သန်းအထိ ရနေတယ်။ ဒါက စစ်ကောင်စီကို သက်ဆိုးရှည်စေတယ်” ဟု AOW ၏ ပြောရေးခွင့်ဆိုရှိသူ Jockai Khaing က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်နိုင်ငံသို့ ကျောက်ဖြူမြို့၊ မဒေးကျွန်းရှိ ပင်လယ်ရေနက်ဆိပ်ကမ်းမှ ရေနံပို့ဆောင်များနှင့် ပိုက်လိုင်းများမှ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုများသည် နှစ်စဉ်တန်ဖိုးအားဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ် လာ ၇ ဘီလီယံထိရှိပြီး ထိုအထဲမှ စစ်ကောင်စီက ဝင်ငွေရရှိနေခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA)သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အစောပိုင်း၌ပင် ကျောက်ဖြူမြို့ကို ဝင်ရောက်၍ ကျေးရွာအုပ်စုပေါင်း ၅၄ ခုအနက် ၅၀ အုပ်စုအပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့ကိုလည်း ထိန်း ချုပ်ထားကြောင်း AWO ၏ အစီရင်ခံစာအရ သိရသည်။
လက်ရှိတွင် မြို့တော်စစ်တွေ၊ မာန်အောင်ကျွန်းနှင့် ကျောက်ဖြူမြို့နယ်၏ အစိတ်အပိုင်းငယ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီမှစ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကာ စစ်ကောင်စီက အိမ်ခြေ ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း သဘာဝဓာတ်ငွေ့နှင့် ရေနံစီမံကိန်းများ ထုတ်လုပ်မှု၊ တရုတ် နိုင်ငံသို့ တင်ပို့မှုများသည် ယနေ့အချိန်ထိ အတားအဆီးမရှိ ဆက်လက်လည်ပတ်နေသလို AA တွင်လည်း သိမ်းပိုက်နိုင်သော စစ်ရေးအင်အား အပြည့်ရှိနေကြောင်း သိရသည်။
ကျောက်ဖြူမြို့ကို AA သိမ်းပိုက်လိုက်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ ၅၇၅ သန်းကျော်ရှိသော နိုင်ငံခြားငွေ အရင်းအမြစ်များကို ရရှိနေသည့် စစ်ကောင်စီအတွက် ဝင်ငွေထိခိုက်၊ နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း AOW ၏ ပြောရေးခွင့်ဆိုရှိသူက ထောက်ပြသည်။
ယင်းအပြင် မြို့တစ်မြို့လုံးနှင့် စီမံကိန်းနေရာအားလုံးကို AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် ကျောက်ဖြူ မြို့နယ်ရှိ တရုတ်စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အနာဂတ်သည် AA အပေါ် အများကြီး မူတည်နေကြောင်း သိရသည်။
ထို့ကြောင့် တရုတ်အစိုးရနေဖြင့် စစ်ကောင်စီကို ထောက်ပံ့ပေးမှု ပိုမိုလုပ်လာမည်ဆိုလျှင် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများအပါအဝင် ကျောက်ဖြူမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ကြောင်း AOW က ဆိုသည်။
မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ တင်သွင်းမှုစုစုပေါင်း ၂ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ကျောက်ဖြူသည် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံ၏ BRI – Belt and Road Initiative အတွက် များစွာအရေးပါကြောင်း သိရသည်။
ဓာတ်ပုံ- အင်တာနက်
#စစ်ကောင်စီ #သက်ဆိုးရှည် #ကျောက်ဖြူမြို့ #တရုတ်စီမံကိန်းများအနာဂတ် #AA #မူတည်နေ #Ayeyarwaddy_Times