ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

တရုတ်သံအမတ်ကို ဆင့်ခေါ်ကာ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကို ထောက်ပံ့နေတာ ရပ်တန့် ဖို့ တောင်းဆိုခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာရှန်ကွန်ဟာ အင်္ဂါနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်ကာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Yevhen Perebyinis နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ တရုတ်နိုင်ငံသားတွေ ပါဝင်မှုနဲ့ ရုရှားနိုင်ငံရှိ စစ်လက်နက် ထုတ်လုပ်ရေးမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်မှုနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ Yevhen က ပြောကြားခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ယင်းသို့သော သတင်းတွေက ယူကရိန်းနဲ့တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေ တယ်လို့ ၎င်းက ဆိုပြီး ရုရှားကျူးကျော်မှုကို ထောက်ပံ့နေတာ ရပ်တန့်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပါ တယ်။

ရုရှားနိုင်ငံရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့သတင်း တွေ သူရရှိထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ရုရှားနိုင်ငံဟာ တရုတ်အစိုးရရဲ့ ဆန္ဒမပါဘဲ တရုတ်နိုင်ငံသားတွေထံမှ ဒရုန်းနည်းပညာတွေ ခိုးယူခဲ့ဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။

တရုတ်က ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့နေတဲ့ သတင်းအချက်အလက်တွေ ရရှိထား တယ်လို့ ၎င်းက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဟာ အရှေ့ပိုင်း ဒွန်းနက်စ်ဒေသမှာ ရုရှားကို ကူတိုက်ပေးနေတဲ့ တရုတ်နိုင်ငံ သားနှစ်ဉီးကို ဖမ်းဆီးမိခဲ့တယ်လို့ ၎င်းက ဧပြီလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

တွေ့ဆုံမှုမှာ အဆိုပါအထောက်အထားတွေကို တရုတ်သံအမတ်ထံ ပေးအပ်ခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ယူကရိန်းနိုင်ငံရဲ့ ပြောဆို ချက်ကို ပယ်ချခဲ့ပြီး အခြေအမြစ်မဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေး ကြိုးကိုင်ခြယ်လှယ်မှုကို ဆန့်ကျင်တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Ukraine summons Chinese ambassador, urges Beijing to stop helping Russia

#Ayeyarwaddy_Times