နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ကို တရုတ်၏ ဖိအားပေးကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီ တပ်များ မြို့အတွင်းသို့ ဝင်ရောက်လာသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ပြန်လည် ဖြစ်ပေါ်လာရန် မရှိကြောင်း ဒေသခံများအပြင် စစ်ကောင်စီနှင့် နီးစပ်သူတို့ထံမှ သိရသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA) က ထိန်းချုပ်ထားရာမှ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်မှစ၍ ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီတပ်များ ယာဥ်တန်းများဖြင့် ဝင်ရောက်လာကာ လက်ရှိတွင် အဆင်ပြေသလို နေထိုင်နေရကြောင်း သိရသည်။

“ကြားရသလောက် ရမခ စစ်ဌာနချုပ်ကို လားရှိုးပြန်မထားပါ။ နောက်ဆုတ်ပြီး ထားမယ်ထင်တယ်။ အရင်ကတော့ တန့်ယန်းဖက်မှာ လူပြန်စုထားတယ်” ဟု အဆိုပါအကြောင်းအရာကို သိရှိထားသည့် နှစ်ဖက်အသိုင်းအဝိုင်းနှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မြန်မာအယူအရ ရှုံးပြီးသော နေရာတစ်ခုတွင် ရမခ ကို ပြန်မထားချင်သည့် သဘောဖြစ်နိုင်သလို တိုင်းစစ်ဌာနချုပ်သည်လည်း ခံတပ်ကြီးတစ်ခုလို တည်ဆောက်ထားခြင်း မဟုတ်ဘဲ အမိန့်ပေးရေး စစ်ဌာနချုပ်ပင်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ထို့အပြင် မြို့အတွင်းရှိ ဌာနဆိုင်ရာ ရုံးများသည်လည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်မှုအပြင် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးမှုများရှိပြီး အသုံးမပြုတော့သည့် အတွက် ချူံနွယ်များ ထူထပ်နေကြောင်း သိရသည်။

“ဌာနဆိုင်ရာ ရုံးတွေကလည်း သူတို့(စစ်ကောင်စီ) ပြန်ထိုင်နိုင်မယ့် အခြေအနေမျိုးတော့ မရှိသေးဘူး။ သူတို့လူတွေတော့ ရောက်နေပြီ၊ ဒါပေမယ့် သူတို့ပြင်ဆင်ရမှာတွေ အများကြီးရှိနေတယ်” ဟု ဒေသ ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းသို့ စစ်ကောင်စီတပ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိနေသည် ဆိုသော အနေအထားမျိုးပင် ရှိနေသေးသလို တစ်ဖက်တွင်လည်း တရုတ်အစိုးရ၊ ကိုးကန့်တပ်နှင့် စစ် ကောင်စီတို့ သုံးပွင့်ဆိုင် ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Local
#လားရှိုး #စစ်ကောင်စီတပ်များဝင်ရောက် #ရမခစစ်ဌာနချုပ် #ပြန်လည်ဖြစ်ပေါ်ရန်မရှိ #Ayeyarwaddy_Times