ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်မောင်းသူ များနှင့် ထော်လာဂျီမောင်းသူကိုများကို ငွေတောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငွေတစ်သောင်း၊ ထော်လာဂျီတစ်စီးလျှင် ကျပ်ငွေနှစ်သောင်း ပေးဆောင် ရပြီး ငွေပေးဆောင်ခြင်းမရှိသည့် ဆိုင်ကယ်၊ ထော်လာဂျီပိုင်ရှင်များကို စီးနင်းမောင်းနှင်ခွင့်မပြုဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

“ရဲက ငွေကောက်ခိုင်းတယ်ဆိုပြီး လိုက်တောင်းနေတာ။ ငွေမပေးရင် မစီးရဘူး ဖမ်းမယ်လို့ပြောပြီး အတင်းအကျပ် ငွေလိုက်တောင်းနေတာ။ ဒေသခံတွေမှာ သူတို့ မတရားလုပ်တာကို ခံနေရတာ ကြာပြီ” ဟု ငပုတောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဘုရားလှကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဦးအောင်သက်မျိုးဖြစ်ပြီး ကျုံကူးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သက်ဝေဖြိုးမှ ကောက်ခိုင်း၍ ယခုလို ငွေတောင်းယူရခြင်း ဖြစ်သည်ဟု ပြောဆိုထားကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှ ဒေသခံ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအောင်သက်မျိုး

#ငပုတော #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ဆိုင်ကယ် #ထော်လာဂျီမောင်းသူ #ငွေတောင်း #ငွေမပေးနိုင်လျှင် #မောင်းနှင်ခွင့်မပြု #Ayeyarwaddy_Times