အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းပုံကို အားမရဘူးလို့ မလေးရှား ပြော

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၆ ရက်

မြန်မာ့အရေးက အခြေအနေ ဆိုးရွားလာတာကြောင့် အာဆီယံအဖွဲ့က မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်ပြီး အစည်းအဝေးတွေ တစ်ခုပြီးတစ်ခုပြုလုပ်နေတာကို အားမရဘူး လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူလာအဗ္ဗဒူလာက ပြောပါတယ်။

အစည်းအဝေးတစ်ခု ပြုလုပ်ဖို့လိုအပ်လျင်ပင် နည်းပညာအကူအညီနဲ့ အချိန်မရွေး ပြုလုပ်နိုင်တယ်လို့ ဆိုင်ဖူဒင်က ဆိုပါတယ်။

တိုက်ပွဲ၊ သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူနဲ့ ဒုက္ခသည်ဖြစ်လာသူအရေအတွက်လိုမျိုး မြန်မာနိုင်ငံနဲ့ပတ် သက်တဲ့ နောက်ဆုံးရအချက်အလက်တွေကို သူ့ဆီ ဒါမှမဟုတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အတိအကျ မသိရတာကို ကျေနပ်မှုမရှိဘူးလို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံက ပကတိအခြေအနေကို အကဲဖြတ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအတွက် တိကျတဲ့၊ နောက်ဆုံးရ အချက်အလက်တွေ အမြဲဖော်ပြဖို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို ကျွန်တော် စာရေးပါမယ်” လို့ ၄င်းက ဆိုပါတယ်။

အာဆီယံနဲ့ မြန်မာစစ်ကောင်စီက ပူးတွဲ ဖွဲ့စည်းထားတဲ့ အထူးလုပ်ငန်းအဖွဲ့မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီ ပေးအပ်တဲ့အစီရင်ခံစာက စိတ်ပျက်စရာဖြစ်ပြီး အာဆီယံက ဒီလုပ်ငန်းစဉ်ကို ချင့်တွက်သင့်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကို မယုံကြည်တာကြောင့် စစ်ကောင်စီနဲ့

မပူးပေါင်းဘဲ ဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံမှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးတာဝန်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့ ပြည်တွင်းအဖွဲ့အ စည်းတွေ အများကြီးရှိတယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီတွေ ပေး အပ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေ ရှိပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကူအညီကို ပေးအပ်နိုင်ခြင်း ရှိ၊မရှိ သံသယဖြစ်နေတယ် လို့ ၄င်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံဖို့ အရေးကြီးတယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

NUG နဲ့ NUCC ကိုယ်စားလှယ်တွေနဲ့ မကြာမီ လူချင်းဖြစ်စေ အွန်လိုင်းမှဖြစ်စေ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့လည်း သူက ဆိုပါတယ်။

ကိုးကား – Bernama

Ref; ASEAN needs greater sense of urgency in dealing with Myanmar issue – FM Saifuddin