ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များမှမြန်မာ့ငလျင်ဘေးတွင် လူသားချင်း စာနာထောက်ထားရေးအကူညီပေးရေးကိစ္စများနှင့်ပတ်သတ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည့် သတင်းများ အပေါ် အမျိုးသားညီရေးအစိုးရ(NUG) နှင့် တော်လှန်ရေးအဖွဲ့အစည်းများင ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့နှစ်သစ်ကူးအချိန်ကာလတွင်သာမက ပြင်းထန်ငလျင်ဘေးသင့်ကာလအတွင်းတွင်ပင် ပြည်သူ များအပေါ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများနှင့် သတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် စစ်ခေါင်းဆောင်ကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ခေါင်းစဉ်ဖြင့် တွေ့ဆုံခြင်း ကိုလည်း စိုးရိမ်ကြောင်း NUG က ဆိုထားသည်။

စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို ချိုးဖောက်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီ များကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် မှတစ်ဆင့် ပေးအပ်ခြင်းသည် အဆိုပါအကူအညီများကို နိုင်ငံ ရေးအရ လွှဲမှားစွာ အသုံးချမည့်အန္တရာယ်နှင့် ကြုံရမည်ဖြစ်ကြောင်းလည်း NUG ကပြောဆိုထား သည်။

အာဆီယံအနေဖြင့် ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုကင်းသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးအပ်လိုပါက စစ်အုပ်စုထံ တိုက်ရိုက်ပေးအပ်ခြင်းမဟုတ်ပဲ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြေပြင်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်ရိုက် ပေးအပ်သင့်ကြောင့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံအနေဖြင့် သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ် များကို အမှန်တကယ် ခံစားနေရသူများ ထံသို့ အကူအညီပေးရေးအစီအစဥ်များ တိုက်ရိုက်ရောက်ရှိနိုင်ရန် သက်ဆိုင်သူများအားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင်နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံမည့်သတင်းအပေါ် NUG အပါအဝင် ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)၊ အမည်မဖော်လိုသည့် အင်အားစုများ မှ ပူးပေါင်းကန့်ကွက်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

#မင်းအောင်လှိုင် #အာဆီယံ #စစ်ကိုင်းငလျင်ဘေး #တွေ့ဆုံ #လူသားချင်းစာနာထောက်ထား #NUG #ကန့်ကွက် #Ayeyarwaddy_Times