မတူပီမြို့နယ်တွင် ပညာရေးဘုတ်အဖွဲ့မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၉၁ ကျောင်းတွင် ကျောင်းသား ၆၃၀၀ ကျော် တက်ရောက်သင်ကြားလျှက်ရှိ
ဗွီအာတီ၊ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ်လ ၂၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ လမ်းညွှန်မှုဖြင့် မတူပီမြို့နယ်နှင့် လွတ်မြောက်နယ်မြေတို့တွင် ဆရာ၊ ဆရာမ ၆၇၀ ကျော်နှင့် အခြေခံကျောင်းပေါင်း ၉၁ ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသူစုစုပေါင်း ၆၃၀၀ ကျော်ကို ပညာသင်ကြားပေးလျက်ရှိကြောင်း မတူပီမြို့နယ်၊
ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှ မူလတန်းနှင့် အလယ်တန်းကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အသုံးပြုမည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ စာရေးကိရိယာများလုံလောက်မှုမရှိကြောင်း သိရသည်။
“မတူပီမြို့နယ်၊ ဘုတ်အဖွဲ့က ဖွင့်လှစ်တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၃၀၀ ကျော်ကို ပညာသင်ကြားပေးနေပါတယ်၊ ကျွန်တော်တို့ လက်ရှိလုပ်ငန်းလည်ပတ် နေတဲ့အရာအားလုံးဟာ ပြည်သူလူထု သိရှိနိုင်ဖို့အတွက် မီဒီယာတွေကို အားကိုးရပါတယ်၊ ကျွန်တော်တို့ရဲ့ ပုံနှိပ်အခက်အခဲ၊ ငွေရေး/ကြေးရေးအခက်အခဲ၊ ဆရာ
၊ဆရာမတွေရဲ့ လိုအပ်နေတဲ့ အခက်အခဲပေါင်းစုံကို အများပြည်သူတွေ သိရှိပြီးတော့ တဖက်တလမ်းနဲ့ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးကြဖို့ ပြောချင်ပါတယ်”ဟု မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှ အတွင်းရေးမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် CDMဆရာ၊ ဆရာမများနှင့်ပြည်သူလူထုများအတွက် အလွန်ခက်ခဲနေသော အချိန်ကာလဖြစ်ပြီး ကျောင်းသုံးဆိုင်ရာပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရေးအတွက်အဖွဲ့အစည်းတစ်ချို့ထံသို့ ချည်းကပ်နေပေမယ့် ကူညီပံ့ပိုးမှုမရရှိခြင်းကြောင့် NUGအစိုးရအနေဖြင့် သင်ကြားရေးဘတ်ဂျက်များ ချပေးနိုင်ရန် လိုအပ်နေသည်ဟု ၎င်းကဆိုသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများဖြတ်တောက်ထားသည့်အတွက် NUGအစိုရ၏ လမ်းညွှန်ချက်များ၊ ပညာရေးဆိုင်ရာမှုဝါဒများကို ပြည်သူလူထုများက အချိန်နှင့်တစ်ပြေးညီမသိရှိနိုင်ကြောင်း သိရသည်။
NUGအစိုးရ၏ ပညာရေးလမ်းညွှန်ချက်များကို ပြည်သူလူထုများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် NUGအစိုးရနှင့် ကြားကာလပညာသင်ကြားရေးအပေါ် ပြည်သူလူထုများယုံကြည်စိတ်ချမှု ရရှိနိုင်ရန်အတွက် ရေဒီယိုမှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးနိုင်ရန်လိုအပ်ကြောင်းမတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ အတွင်းရေးမှူးက ဆိုသည်။
“လမ်းညွှန်မှုတွေလည်း အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အဆင်ပြေမယ်၊ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် NUGရဲ့ လမ်းညွှန်ချက်ကို ထပ်ဆင့်ပြီးမှ ဝေမျှတဲ့အခါမှာ ပြည်သူလူထုရဲ့ ယုံကြည်စိတ်ချမှု၊ အားရကျေနပ်မှု အားနည်းနေတာ တွေ့ရတယ်ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် NGUအစိုးရက ချင်းပြည်နယ်လိုမျိုးအနေအထားမှာ
တိုက်ရိုက်လမ်းညွှန်ချက်မျိုး၊ ပြည်သူတွေ ကြားသိနိုင်မယ့် လမ်းညွှန်ချက်မျိုးပေါ့၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ရေဒီယိုကနေ ပညာရေးမူဝါဒတို့ကို ပြည်သူတွေ တိုက်ရိုက်နားထောင်နိုင်မယ့် အနေအထားမျိုးကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်စိတ်ချမှုက ပိုမိုကြီးမားလာလိမ့်မယ်လို့ ယုံကြည်တယ်”ဟု မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှ
အတွင်းရေးမှူးက ဆက်လက်ပြောကြားသည်။
မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့အနေဖြင့် NUG အစိုးရထံမှ CDMဆရာ၊ ဆရာမများအတွက် ထောက်ပံ့မှုတစ်ကြိမ်သာ ရရှိခဲ့ပြီး မြို့နယ်အလိုက်လူဦးရေကန့်သတ်ချက်ဖြင့် တစ်ဦးလျှင် မြန်မာကျပ်ငွေ ၅ သောင်းနှုန်းဖြင့် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
NUGအစိုးရမှ CDMကျောင်းဆရာ၊ ဆရာမများကို မြို့နယ်အလိုက်လူဦးရေကန့်သတ်ထောက်ပံ့မှုအပေါ် ဆရာ၊ ဆရာမများအကြား ဝေဖန်မှုများရှိနေသည်ဟု CDM ဆရာ၊ဆရာမများက ဆိုသည်။
“NUGအစိုးရထံကနေ CDMဆရာ၊ ဆရာမထောက်ပံ့မှုနဲ့ ပတ်သက်ပြီး တစ်ခေါက်ပဲ ပံ့ပိုးမှုရသေးတယ်၊ ဒုတိယအကြိမ်ပံ့ပိုးကူညီမှုရရှိနိုင်ရန် တင်ပြထားပါတယ်၊ ပံ့ပိုးကူညီမှုဆိုတဲ့နေရာမှာလည်း CDMဆရာ၊ ဆရာမတွေကို လုံလုံလောက်မပေးဘဲနဲ့ လူဦးရေးအကန့်အသတ်နဲ့ တစ်မြို့နယ်မှာ ၁၀ ဦးလောက်ကိုပဲ ထောက်ပံ့တယ်၊ အဓိက ခက်ခဲနေတဲ့ ဆရာ၊
ဆရာမတွေကိုပဲ ရွေးချယ်ပြီးတော့ ထောက်ပံ့တယ်၊ တစ်ဦးမှာ ၅ သောင်းနှုန်းထောက်ပံ့ပါတယ်၊”ဟု ပညာရေးဘုတ်အဖွဲ့မှ CDMဆရာမတစ်ဦးက ပြောသည်။
ထို့ပြင် ဆရာ၊ ဆရာမလူဦးရေနှင့် ကျောင်းသား၊ ကျောင်းသူလူဉီးရေတို့တွက်ချက်ကာ မတူပီမြို့နယ်အတွက် ၂၀၂၂ခုနှစ်၊ ဇူလိုင်လမှာ NUGအစိုးရထံမှ မြန်မာကျပ်ငွေသိန်းပေါင်း ၁၄၀ ကျော်ရရှိခဲ့ပြီး NUGအစိုးရ၏ လမ်းညွှန်ချက်အတိုင်း မတူပီမြို့နယ်နှင့် လွတ်မြောက်နယ်မြေတို့တွင် ဖွင့်လှစ်ထားသော ကျောင်းအသီးသီးသို့ ခွဲဝေမှုပြုလုပ်ခဲ့ပြီဖြစ်ကြောင်း မတူပီမြို့နယ်၊
ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။
ဒုတိယအကြိမ်ထောက်ပံ့မှုရရှိနိုင်ရန် NUGအစိုးရထံတင်ပြထားပြီး NUGအစိုးရမှ ထောက်ပံ့ကူညီရန် အစီအစဉ်ရှိကြောင်းကိုလည်း မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ထံ အကြောင်းကြားလာကြောင်း သိရသည်။
“NUGအစိုးရက ဇူလိုင်လမှာ ကျောင်းသားဦးရေနဲ့ တွက်ချက်ပြီးတော့ တစ်မြို့နယ်လုံးစာအတွက် မြန်မာကျပ်ငွေသိန်းပေါင်း ၁၄၀ ကျော်ကျလာပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး မြေပြင်မှာ EC နဲ့ ဆွေးနွေးတဲ့အခါမှာ NUGအစိုးရရဲ့ လမ်းညွှန်ချက်အရ ခွဲဝေမှုပြုလုပ်ပါတယ်၊ သင်ကြားမှုဝင်နေတဲ့ ဆရာ၊ ဆရာမတစ်ဦးစီကို မြန်မာကျပ်ငွေ ၂သောင်းခွဲထောက်ပံ့ပါတယ်၊
ကျောင်းအလိုက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ လူဦးရေကို တွက်ချက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူ တစ်ဦးမှာ ကျပ်ငွေ ၈၀၀ ကျပ်နှုန်းနဲ့ ကျွန်တော်တို့ ပံ့ပိုးတာ ရှိပါတယ်၊ ရရှိတဲ့ ပိုက်ဆံကို ဇွန်လ လချုပ်နဲ့ တွက်ချုပ်ပြီးတော့ မတူပီမြို့နယ်နဲ့ လွတ်မြောက်နယ်မြေတွေမှာ ပထမအသုတ် ပေးပြီးသားဖြစ်ပါတယ်၊ ဒုတိယအကြိမ်ထောက်ပံ့ရန် တင်ပြတာနဲ့
ပတ်သက်ပြီး NUGအစိုးရက အစီအစဉ်ရှိ ကြောင်းကို ကျွန်တော်တို့ဘုတ်အဖွဲ့ထံ အကြောင်းကြားပြီးသားဖြစ်တယ်”လို့ မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှ အတွင်းရေးမှူးက NUGအစိုးရထံမှ ထောက်ပံ့မှုရရှိတာနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုသည်။
မတူပီမြို့နယ်နှင့် လွတ်မြောက်နယ်မြေများတွင် အခြေခံကျောင်းများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ပညာရေးစနစ် ကျစ်လျစ်ခိုင်မာမှုရှိစေရန် မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့အောက်တွင် အမှတ်(၇)ခုအထိ ဖွဲ့စည်းထားပြီး အဆိုပါအမှတ်အောက်တွင် ကျောင်းကော်မတီများနှင့် ပြည်သူ့ကျောင်းကော်မတီအဖွဲ့တို့ကို စနစ်တကျအသီးသီး ဖွဲ့စည်းထားကြောင်းသိရသည်။
ဓာတ်ပုံ – မတူပီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ