ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

မြေငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်ပေးနိုင်ရေး ယာယီ ဆေးရုံတစ်ရုံ တည်ဆောက်ဖို့ မလေးရှားအစိုးရက မူအားဖြင့် သဘောတူလိုက်ပါတယ်။

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အဆိုပါကိစ္စကို ပြီးခဲ့တဲ့အပတ် အစိုးရအဖွဲ့အစည်းအဝေးမှာ သဘောတူခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

“မြန်မာနိုင်ငံမျာ စုစုပေါင်း ဆေးရုံ ၄ ခု ပြိုကျခဲ့ပြီး အထူးကုတွေကုသပေးတဲ့ ရွေ့လျားအခန်းတွေ လိုအပ်နေပါတယ်။ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေ ပို့ဆောင်နိုင်ရေး မလေးရှားစစ်တပ်၊ ကျန်း မာရေးဝန်ကြီးဌာနတို့ကို ကျွန်တော်တို့ မေးမြန်းထားပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဆေးဘက်ဆိုင်ရာ အကူအညီတွေအပြင် ရေသန့်စင်စနစ်တွေ၊ ရွက်ဖျင်တဲတွေ လိုအပ်နေတယ်လို့ ၎င်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ပြောပါတယ်။

ယာယီဆေးရုံကို ခွဲစိတ်ခန်းတွေ၊ X-ray စက်တွေ၊ ခုတင် ၃၀ ကျော် တပ်ဆင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာကိရိယာတွေနဲ့ အကူအညီတွေရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရပါက ၎င်းတို့ကို ချက်ချင်း ပြန်ခေါ်မယ်လို့ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

“မလေးရှား ကယ်ဆယ်ရေးသမားတွေ သို့မဟုတ် အာဆီယံနိုင်ငံတွေမှ ကယ်ဆယ်ရေးသမား တွေရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရရင် ကျွန်တော်တို့ သူတို့ကို ချက်ချင်း ပြန်ခေါ်မှာပါ။ ကျွန်တော်တို့ ကယ် ဆယ်ရေးသမားတွေ စေလွှတ်တာဟာ အန္တရာယ်တွေ ရင်ဆိုင်ရဖို့မဟုတ်ပဲ ငလျင်ဘေးသင့်ပြည်သူတွေ ကို ကူညီဖို့သာဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှုမစ်ရှင်ရဲ့ တစ် စိတ်တစ်ပိုင်းအဖြစ် မိုဟာမက်ဟတ်ဆန်က ဧပြီလ ၅ ရက်မှာ မြန်မာနိုင်ငံသို့ တစ်ရက်ကြာ သွားရောက်ခဲ့ ပါတယ်။

မလေးရှားအစိုးရဟာ မြေငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ပံ့ပိုးကူညီမယ့် ကနဉီး လူသား ချင်းစာနာမှု အကူအညီအဖြစ် ရင်းဂစ် ၁၀ သန်း ထောက်ပံ့ဖို့ မတ်လ ၃၀ ရက်မှာ ကတိပြုခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Malaysia to deploy field hospital in Myanmar for earthquake relief, says foreign minister