
ဧရာ၀တီတိုင်းမ်
ဧပြီ ၁၀ ရက်
နိုင်ငံကျော်တေးသံရှင် တူးတူးဟာ လာမယ့်ဧပြီလ ၁၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်ဆစ္စကိုမြို့မှာ တကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားဖို့ရှိနေပြီး အဆိုပါပွဲကရတဲ့ ငွေကြေးအားလုံးကို ငလျင်ဘေးနဲ့ တော်လှနရေးအတွက် လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူရပ်တည်ခဲ့တဲ့ အဆိုတော်တူးတူးဟာ ဧပြီ ၁၂ ရက်နေ့ပွဲမှာ လက်မှတ်ရောင်းလို့ရသမျှငွေအားလုံး ငလျင်ဘေးကို လှူသွားမှာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ် အမှတ်တရလက်မှတ်ထိုးထားတဲ့ဂစ်တာကို လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။
အဆိုပါဂစ်တာရောင်းရငွေကိုတော့ တော်လှန်ရေးအတွက် အားလုံးလှူဒါန်းသွားမယ်လို့ အဆိုတော် တူးတူးက ပြောပါတယ်။
“ဧပြီ ၁၂ ရက်နေ့ ကျနော့်ပွဲမှာ ကျနော်လှူမယ့်ဂစ်တာလေးမှာ Kim က လက်မှတ်ထိုးပေးခဲ့ပါတယ်။ အဲဒီဂစ်တာလေးကို အမှတ်တရသိမ်းထားချင်ပေမယ့်လည်း ကျနော်ပါ လက်မှတ်ထိုးပြီး ၂ ယောက် လက်မှတ်ပါတဲ့ဂစ်တာလေး လေလံအောင်ပြီး ရတဲ့လေလံကြေးကိုတော့ တော်လှန်ရေးအတွက်အကုန်လုံးပြန်လှူသွားမှာဖြစ်ပြီး လက်မှတ်နဲ့အခြားဈေးရောင်းပွဲမှရတာတွေက ငလျင်ဘေး ကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်”လို့ အဆိုတော်တူးတူးက လူမှုကွန်ရက်မှာ ရေးပါတယ်။
အဆိုတော်တူးတူးဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့အတွက် စစ်ကောင်စီက ဖမ်း၀ရမ်းထုတ် ဖမ်းဆီးခဲ့လို့ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံနေထိုင်လျှက်ရှိကြောင်း သိရပါတယ်။
ထွက်ပြေးရှောင်တိမ်းစဥ်ကာလအတွင်း တူးတူးဟာ တော်လှန်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာသီချင်းများ ရေးသားသီဆိုခြင်းတွေ ပြုလုပ်ခဲ့သလို စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ သီချင်းဆိုရင်း တော်လှန်သွားမယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။
#Ayeyarwaddy_Times #တူးတူး #ဂီတဖျော်ဖြေပွဲ