ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃၀ နီးပါး သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ မိတ္ထီလာတပ် ဂျက်ဖိုက်တာတစ်စင်းသည် ယနေ့ ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က နမ်းခမ်းရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံများထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

“လေကြောင်းကနေ ဗုံးလေးလုံးကြဲသွားတာ။ ဆေးရုံ ရှေ့ကို ကျတာ။ လူတွေအတော်သေတယ်။ အနီးနားတွေလည်း ရစရာကိုမရှိဘူး။ ဆိုင်ကယ်ခွရက်နဲ့ မီးထဲပါသွားတာတွေလည်းရှိတယ်။ ညနေဘက် ထပ်ပြီး လေကြောင်းကလာကြဲသေးတယ်။ မီးတွေလည်းလောင်တယ်”ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောသည်။

နမ်းခမ်းရွာ ဆေးရုံရှေ့နှင့် ကျွန်းတော ဝိုင်ဖိုင်ဆိုင်နှင့် ကျောင်းဟောင်းတို့ကို ဗုံးကျရောက်ပေါက်ကွဲပြီး လတ်တလော ‌ထိခိုက်သေဆုံးသူ ၃၀ နီးပါးရှိနေပြီး သေဆုံးသူများကို ထပ်မံရှာဖွေနေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်း အင်းတော်မြို့ကို သိမ်းပိုက် ပြီးနောက် စစ်ကောင်စီက အင်းတော်နှင့် အနီးအနားမြို့နယ်များကို ဗုံးကြဲချတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၂ ရက်က သုံးပတ်ကြာ အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မြေပြင်တွင် အပစ်ရပ်စဲခြင်းမရှိဘဲ စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

#စစ်ကိုင်း #ဝန်းသို #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #ဆေးရုံရှေ့ #ပေါက်ကွဲ #Ayeyarwaddy_Times