ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

ငလျင်ဘေးကို ကူညီထောက်ပံ့ရန်အတွက် ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများနှင့် ဈေးများတွင် လူငယ်များအလှူခံထွက်၍ ကူညီလာကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ ဆူးလေပတ်ဝန်းကျင်၊ တရုတ်တန်း၊ လှည်းတန်း၊ ညဈေး၊ စံပြဈေး၊ သုဝဏ္ဏ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် လူငယ်အဖွဲ့များသည် ရေဘေးအတွက်အလှူခံ လျက်ရှိပြီး အဆိုပါအလှူခံလူငယ်များတွင် ကိုယ်ပိုင်ကျောင်းမှ ကျောင်းယူနီ ဖောင်းဝတ်ဆင်ထားသူများ၊ သင်တန်းကျောင်းယူနီဖောင်းများအပြင် အရပ်ဝတ်အင်္ကျီများဖြင့်ပါ လူငယ်အဖွဲ့လိုက်အလှူခံနေသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့နေ လူထုထံမှ သိရသည်။

” အဲဒီလိုကူညီနိုင်မှု ပမာဏာအရပြောရင်တော့ အနည်းငယ်လောက်ပဲအကူအညီဖြစ်နိုင်မယ်။ နိုင်ငံရေး အရ ကြည့်ရင်တော့ အခုလို ပရဟိတ လှုပ်ရှားမှုတွေဆိုတာက ပုံစံတစ်မျိုး မဟုတ်တမျိုးနဲ့ အသက်ဝင် နေသင့်တယ်” ဟု လူမှုစီးပွားရေးသုတေသီတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။

လက်ရှိငလျင်ဘေး အလှူခံလှုပ်ရှားမှုသည် ပြည်သူလူထုနှင့် အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ပြီး နိုင်ငံရေးအရ engagement platform ဖြစ်လာနိုင်ကြောင်း၊ ပြည်သူများလှူဒါန်းမှုနှင့် အလှူခံ ခြင်း ကို အားပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

” တကယ်က မြန်မာပြည်မှာ သဘာဝဘေးတစ်ခုခု ဖြစ်ပေါ်လာပြီဆို အလှူခံတွေ ထွက်ကြတယ်။ အလှူ အတန်းတွေမြောက်များစွာလုပ်ကြတာက အလေ့အကျင့်တစ်ခုလိုဖြစ်လာပြီ။ ဒါကတကယ်မှန်ကန်တဲ့ အဖြေတော့မဟုတ်ဘူး” ဟု ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက‌ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်က အင်အားပြင်းထန်လွန် သော ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ပြီး နောက် လူထိခိုက်မှု၊ အဆောက်အအုံပျက်စီးမှုများကို ကူညီရေး၊ ကယ်ဆယ်ရေးများလုပ်ဆောင်ရာတွင် လူမှုအဖွဲ့အစည်းများနှင့် ကိုယ်ထူ ကိုယ်ထဖြင့်သာဦးဆောင်နေရကြောင်း ငလျင်ဘေးတွင် လူမှု ကူညီရေး လုပ်ဆောင်ပေးနေသူတစ်ဦးထံမှ သိရသည်။

” ရာသီအလိုက်ဖြစ်လာနိုင်တဲ့သဘာဝဘေးတွေရှိတယ်။ အဲ့ဒါတွေအတွက် ရင်းနှီးမြုပ်နှံဖို့လုပ်ရမှာ။ အခုသုံးနေတဲ့မြောက်များစွာတဲ့ပိုက်ဆံတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေအတွက် သုံးလိုက်မယ်ဆိုရင် သဘာဝဘေးထိခိုက်မှုတွေ လျော့နည်းမှု သက်သာသွားမှာ။ အခုကဖြစ်မှလှူမယ်ဆိုတဲ့သူတွေကြီး တွေ့ရတယ်။ သဒ္ဒါတရားတွေကောင်းပေမယ့် နည်းနည်းလေးလွဲနေတယ်လို့မြင်ပါတယ် ” ဟု ကူညီရေး လုပ်ဆောင်နေသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များကို အဓိကဗဟိုပြု၍လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်လွန်းသော အဆိုပါ ငလျင်ကြီးများနှင့်အတူ ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် မြို့နယ် ၆၆ မြို့နယ်ရှိ ပြည်သူ ၁၇ သန်းနီးပါး ဘေးဒုက္ခခံစားရပြီး လူပေါင်း ၃၀၀၀ ကျော်သေဆုံးကာ ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရန်ကုန်မြို့ #လူငယ်များအလှူခံထွက် #လူစည်ကားရာနေရာ #ဈေး #Ayeyarwaddy_Times