“အင်းလေးဒေသဆိုတာ ခရီးသွားတွေနဲ့ အများစု စည်ကားတယ်။ ပြီးတော့ ဖောင်တော်ဦး ဘုရားသော်လည်းကောင်းပေါ့။ ဒီလို စည်ကားနေတဲ့ ဒေသက အခုချိန်မှာ ရွာပျက်မြို့ပျက်ကြီးလိုမျိုး ဖြစ်သွားတယ်….”

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့သော ဒေသများတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသလည်း တစ်ခုပါဝင်ခဲ့ပြီး ဒေသတွင်း စာရင်းများအရ ကျေးရွာ ၁၉ ရွာ ထိခိုက်ပျက်စီးခဲ့ရပြီး သေဆုံးသူ ၈၉ ဦးရှိကြောင်း Pa-O Youth Organization က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ အင်းလေးဒေသသည် အင်းလေးကန်၏ သဘာဝ အလှအပအပြင် ရှေးဟောင်းဘုရား စေတီများနှင့် သမိုင်းဝင်နေရာများ၊ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုများ ဖြင့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ထားပြီး ရေပေါ်စိုက်ခင်း၊ ခြေထောက်နှင့် လှေလှော်မှု၊ ရက်ကန်းလုပ်ငန်း စသည်တို့ကလည်း အင်းလေးအလှကို ထင်ပေါ်ကျော်ကြားစေခဲ့သည်။

ထိုသို့သော ကမ္ဘာကျော် အင်းလေးဒေသသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က တိုက်ခတ်ခဲ့သော ရာဂီမုန်တိုင်းအပြင် ယခုအခါ ထပ်မံ၍ ငလျင်ဒဏ်ကို ခံစားခဲ့ရပြန်သည်။ ထို့ကြောင့် အင်းလေဒေသ၏ လက်ရှိမြေပြင် အခြေအနေနှင့် သိရှိနိုင်ရန် အင်းလေးဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုး သမီးတစ်ဦးကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ် မေးမြန်းခဲ့သည်။

ဧရာဝတီတိုင်းမ် – ပထမဦးဆုံး မေးလိုတာက ငလျင်ကြောင့် ရှမ်းတောင်ဒေသအနက် အင်းလေးက ထိခိုက်ပျက်စီး၊ သေဆုံးမှု အများဆုံးလို့ သိရပါတယ်။ အဲ့ဒီအခြေအနေကို ပြောပြပေးပါဦး။

အင်းလေးလူငယ်အမျိုးသမီး- မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးဒေသက ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တယ်။ ကျွန်မတို့ရဲ့ အိမ်တည်ဆောက်ထားတဲ့ ပုံစံတွေ၊ ပြီးတော့ ရေပေါ်အိမ်တွေ ဖြစ်တာကြောင့်မို့ ပုံမှန်အားဖြင့် မြေကြီးပေါ်မှာ ကုန်းပေါ်မှာတည်ဆောက်ကြတဲ့ အိမ်တွေထက် ပိုပြီးတော့မှ ထိခိုက်တဲ့ဒဏ်ကို ခံစားရတယ်ပေါ့လေ။

ထိခိုက်ပျက်စီးတာရယ်၊ ယိုင်နဲ့ပျက်စီးတာရယ် အဓိကကတော့ လူနေလို့မရတာ ခန်မှန်းအိမ်ခြေ ၂၇၀၀/၂၉၀၀ ကြားလောက်ထိ ကပ်သွားမယ်။ နဲနဲထိခိုက် ပျက်စီးသွားတဲ့ အိမ်တွေပါ ထပ်ပေါင်းမယ် ဆိုရင်တော့ ငလျင်ကြောင့် အိမ်ခြေပေါင်း ၃၀၀၀ နီးပါး ပျက်စီးသွားတယ်၊ ထိခိုက်သွားတယ်လို့ ပြောလို့ရတယ်။ ကျွန်မတို့မှာ သေဆုံးမှုကလဲများတယ်။ တချို့ဆိုရင် တစ်အိမ်လုံးပါသွားတဲ့ သူတွေ လဲရှိတယ်။ ရေထဲကျသွားတဲ့အခါမျိုးမှာ ပြန်ဆယ်ရ ခက်ခဲတာတွေ ရှိတယ်ပေါ့။

ဧရာဝတီတိုင်းမ် – အဲ့ဒီအထဲမှာ ယဥ်ကျေးမှု အမွေအနှစ် စေထီပုထိုး၊ ဘာသာရေး အဆောက်အအုံနဲ့ လုပ်ငန်းတွေရော ဘယ်လောက်ပါဝင် ထိခိုက်ပျက်စီးသွားလဲ။ ပြည့်ပြည့်စုံစုံ ပြောပြပေးပါ။

အင်းလေးလူငယ်အမျိုးသမီး – ထိခိုက်ပျက်စီးသွားတဲ့အထဲမှာ ဒေသခံတွေရဲ့ နေအိမ်အပြင် ဘုန်းကြီး ကျောင်းတွေ ပါတယ်။ ပြီးတော့ လုပ်ငန်းတွေ တော်တော်များများလဲ ပါသွားတယ်။ ဘုန်းကြီးကျောင်း တွေ အများစုကတော့ ရှေးဟောင်းကျောင်းတွေ ဖြစ်တယ်။ နှစ်ပေါင်းရာနဲ့ ချီရှိနေတဲ့ ကျောင်းတွေလဲ ပါဝင်တယ်။

လုပ်ငန်းအားဖြင့် ဆိုလို့ရှိရင်တော့ အများစုထိခိုက်တာက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ တော်တော်များများ ထိခိုက်သွားတယ်။ တချိန်တုန်းက အင်းလေးဒေသဆိုတာ ခရီးသွားတွေနဲ့ အများ စုစည်ကားတယ်။ ပြီးတော့ ဖောင်တော်ဦးဘုရားသော်လည်းကောင်းပေါ့။ ဒီလိုစည်ကားနေတဲ့ ဒေသက အခုချိန်မှာ ရွာပျက်မြို့ပျက်ကြီးလိုမျိုး ဖြစ်သွားတယ်။

နောက်ပြီး စိုက်ပျိုးရေး လုပ်ငန်းတွေပေါ့လေ။ကျွန်မတို့အင်းလေးက အများစု ခြံလုပ်ကိုင်ကြတယ်။ စိုက်ပျိုးသီးနှံတွေရှိတယ်။ အခုတော့ အဲဒီသီးနှံပင်တွေကလဲ ပျက်စီးကုန်တယ်။ နောက်တခုက ရက်ကန်းလုပ်ငန်းပေါ့။ အင်းလေးဒေသမှာ လက်မှုလုပ်ငန်းလို့ ပြောလို့ရှိရင် အမှတ်တရပစ္စည်း ရောင်းတာတို့၊ ကိုယ်ပိုင်ဟန်းမိတ်လုပ်တဲ့ လုပ်ငန်းတွေ အများစုရှိတယ်။ အဲဒါတွေ ပျက်စီးသွားတယ်။

ဧရာဝတီတိုင်းမ် – ရိုးရာယဥ်ကျေးမှု၊ ခရီးသွားလုပ်ငန်းတွေနဲ့ ကမ္ဘာကျော်တဲ့ အင်းလေးဒေသဟာ ပြီးခဲ့နှစ် ရာဂီမုန်တိုင်းရော၊ အခုငလျင်ပါ ကြုံတွေ့ရတော့ လူမှုဘဝနဲ့ ရိုးရာယဥ်ကျေးမှုတွေ ဘယ်လောက် ထိခိုက် စေခဲ့သလဲ။

အင်းလေးလူငယ်အမျိုးသမီး – ကျွန်မတို့ရဲ့ အင်းလေးဒေသကတော့ အဓိကဦးတည်နေတဲ့ လုပ်ငန်းစုက ဟိုတယ်ပေါ့။ ပြီးတော့ ခရီးသွားလာတဲ့ လုပ်ငန်းပေါ့လေ။ အင်းလေးကလည်း နာမည်ကြီးတာက ခရီးသွားတွေ အများစုကို ဆွဲဆောင်နိုင်တဲ့ နေရာပေါ့။ အင်းလေးကန်ကို လာလည်သူတွေ များတယ်။ ပုံမှန်အားဖြင့် လူသိများတဲ့ နေရာဖြစ်တယ်။

ဒီနေရာမှာ အခုလိုမျိုး ပျက်စီးဆုံးရှုံးသွားတာနဲ့ ပတ်သက်လို့ ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းတဲ့ နေရာမှာရော၊ ခရီးသွားလုပ်ငန်းတွေမှာရော အတော်ကို ထိခိုက်သွားတဲ့ အခြေအနေပေါ့လေ။ မုန်တိုင်းကြောင့်ရော ရေကြီးတဲ့အချိန်တုန်းက ဆိုရင်လည်း အိမ်တွေမြုပ်သွားတယ်။ အဲဒီကိစ္စ ပြန်လည်ထူထောင်ရေး လုပ်လို့မပြီးသေးခင် ငလျင်က ထပ်ဖြစ်တယ်။

ပုံမှန်အားဖြင့်ကတော့ ကျွန်မတို့ရဲ့ ဓလေ့ထုံးတမ်းတွေအရ သူ့အချိန်နဲ့သူ စီးပွားရေး လုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်တယ်။ ပြီးတော့ ဘုရားပွဲ အချိန်တွေရှိတယ်။ ခရီးသွား များတဲ့အချိန်တွေရှိတယ် စသဖြင့်ပေါ့။ ဒါတွေက သဘာဝဘေး ဝင်လာပြီးနောက်ပိုင်း အကုန်လုံးက ကစဉ့်ကလျားတွေ ဖြစ်ကုန်တယ်။ ဒေသခံရဲ့ အကျိုးစီးပွားကို အဓိကထိခိုက်ကုန်တယ်။

ဧရာဝတီတိုင်းမ် – အခုလို ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် ရေပေါ်စိုက်ခင်းတွေ၊ ကမ္ဘာကို ဆွဲဆောင်တဲ့ ခြေနဲ့လှေလှော်မှု၊ ရိုးရာနည်းစနစ် အသုံးပြု ငါးဖမ်းတဲ့ အတတ်ပညာ စတဲ့ သက်မွေးပုံစံနဲ့ ရိုးရာယဥ်ကျေးမှုတွေရော ပြောင်းလဲသွားနိုင်သလား။ ဘယ်လိုကြောင့်လဲ။

အင်းလေးလူငယ်အမျိုးသမီး – အခုရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် ရေပေါ်စိုက်ခင်း လုပ်ငန်း တွေ လတ်တလောမှာ ရပ်တန့်နေတယ်။ အကယ်လို့များ ဒီလိုသဘာဝဘေးမျိုး နောက်တစ်ခါ ရင်ဆိုင် ရမယ်ဆိုရင် အင်းလေးဒေသမှာ ကျင့်သုံးနေတဲ့ အလေ့အကျင့်တွေ၊ ရေပေါ်စိုက်ခင်းတွေ စတာတွေက ပြောင်းလဲသွားတာမျိုး ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက လက်ရှိခေတ်စနစ် ပြောင်းလာလို့ နိုင်ငံရေး အခြေအနေ ပြောင်းလာလို့ လူငယ်တွေ ပြည်ပထွက်တယ်၊ အလုပ်အကိုင်တွေက ပြောင်းသွားတယ်။ ဒေသမှာ မရှိတော့ဘူးပေါ့လေ။ ဒါကလည်း အကျပ်အတည်းကို ဖြစ်စေတဲ့အထဲက လူငယ်အင်အား လျော့နည်းသွားတာ တစ်ခုပေါ့လေ။

ဧရာဝတီတိုင်းမ် – လက်ရှိမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ လိုအပ်ချက်၊ အခက်အခဲနဲ့ ရင်ဆိုင်နေရမှုက ဘယ်လိုရှိနေသလဲ။ သူတို့တွေ ဘယ်လိုနေထိုင် ရှင်သန်နေကြရသလဲ။

အင်းလေးလူငယ်အမျိုးသမီး- လက်ရှိမှာ ငလျင်ဒဏ်သင့် ပြည်သူတွေက ငလျင်ဒဏ်သင့်ပြီးခြင်းမှာ ယာယီဖြေရှင်းတဲ့ နည်းလမ်းတွေကို အသုံးပြုကြတယ်။ လှေပေါ်မှာ နေတာ၊ ဘုန်းကြီးကျောင်းတွေလို စုရပ်တွေမှာနေတာ၊ ပြီးတော့ ကိုယ့်မှာရေခြံ ရှိသူတွေက အဲဒီက ယာယီတဲမှာ နေတာမျိုးရှိတယ်။

အလှူရှင်တွေရဲ့ ထောက်ပံ့မှုအရ အရေးပေါ် စားနပ်ရိက္ခာ ဖြေရှင်းမှုတွေကို ခြုံငုံနိုင်အောင်လို့ ကူညီ ဖြေရှင်းထားနိုင်တယ်။ လက်ရှိကြုံနေတာတွေကို ခံနိုင်ရည် ရှိဖို့ဆိုတာ ယာယီနေတဲ့ အမိုးအကာတွေနဲ့ ရှေရည်ဖြစ်နိုင်ချင်မှ ဖြစ်နိုင်မယ်၊ နေစရာအိမ် လိုတယ်ပေါ့။ နောက်ပြီး အလုပ်အကိုင် ဖန်တီးနိုင်မှု အခြေအနေတွေ၊ အရင်အတိုင်း ပြန်လည်ပတ်နိုင်ဖို့အတွက် စဥ်းစားပေးဖို့လိုတယ်။

ဧရာဝတီတိုင်းမ်- ထိခိုက်သူနဲ့ ကျန်ရစ်သူတွေကိုရော ကူညီထောက်ပံ့တာ၊ ကျန်းမာရေး စောင့်ရှောက် မှုတွေ ပေးတာမျိုး ဒေသမှာ ရှိနေပါသလား။ ဘယ်လိုရှိနေပါသလဲ။

အင်းလေးလူငယ်အမျိုးသမီး – ဒေသတွင်းမှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ၊ ပြီးတော့ရှင်သန် ကျန်ရစ်တဲ့ သူတွေကို ကူညီထောက်ပံ့တာတွေ ရှိနေတယ်။ အရမ်းအများကြီး မဟုတ်ပေမယ့် လက်ရှိမှာတော့ အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီကနေ သွားရောက်ကူညီပေးတာ၊ ငွေသားတွေ ထောက်ပံ့ပေးတာ ဒါမျိုးတော့ မြင်နေရတယ်။ ထိခိုက်သူတွေကို ဆေးဝါးနဲ့ ကျန်း မာရေး စောင့်ရှောက်မှုကတော့ ဆင်းကု ပေးနေကြတာရှိတယ်။ ဒါပေမယ့် အင်းလေးမှာ ထိခိုက်သွားတဲ့ အားလုံးကို ခြုံငုံမိနိုင်ဖို့ ခဲယဥ်းတယ်။ သို့သော်ငြားလည်း လက်ရှိမှာတော့ အကူအညီ တစ်ပိုင်းတစ်စကတော့ ရှိနေပါတယ်။

ဧရာဝတီတိုင်းမ် – မုန်တိုင်းရော၊ ငလျင်ပါ သဘာ၀ဘေးကို နှစ်ကြိမ်တိုင်တိုင် ကြုံရတော့ အင်းလေး ဒေသခံ တွေရဲ့ စိတ်ကျန်းမာရေးက ဘယ်လိုတွေများရှိမလဲ၊ ဘယ်လိုတွေများ တွေ့ကြုံရသလဲ။

အင်းလေးလူငယ်အမျိုးသမီး- ကျွန်မတို့ရဲ့ ယဥ်ကျေးမှုအရ၊ ရိုးရာဓလေ့အရကိုက ရေပေါ်မှာနေကြတဲ့ လူမျိုးစုတွေ ဖြစ်တဲ့အခါကျတော့ သဘာဝဘေးဒဏ် လာလို့ရှိရင် ပိုပြီးတော့ ခံစားရတဲ့ အခြေအနေဖြစ်တယ်။ ငါတို့နေထိုင်ရာ နေရာဒေသက လုံခြုံမှုရှိရဲ့လားဆိုပြီး စိုးရိမ်ချက်တွေလည်း ရှိနေတယ်။ နောက်ပြီး သေကြေပျက်စီးတာတွေကြောင့် ကူရာကယ်ရာမရ ဖြစ်နေကြတာမျိုးလဲရှိတယ်။ စိတ်ကျန်းမာရေး ထိခိုက်ခံစားနေကြတယ်။ အဲ့ဒီအတွက် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။

ဧရာဝတီတိုင်းမ် – နောက်ဆုံး မေးလိုတာက အင်းလေးကို ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် (ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း) လည်း လာတယ် ကြားသိရပါတယ်။ အဲ့ဒီ အခြေအနေနဲ့ ပတ်သက်ပြီးလည်း သိထားရသလောက် ပြောပေးပါဦး။

အင်းလေးလူငယ်အမျိုးသမီး- သူလာပြီး ဆေးရုံတွေ သွားကြည့်တယ်လို့ သိရတယ်။ ပြီးတော့ ဖောင်တော်ဦးဘုရားလည်း သွားတယ်ပြောတယ်။ ကြက်ဥနဲ့ ခေါက်ဆွဲခြောက် စတာတွေကို လှူခဲ့တယ်။ ဆေးရုံက လူတွေကိုလည်း ပိုက်ဆံအချို့ ပေးသွားတယ်လည်း ပြောကြတယ်။

အဲ့ဒါက ဒီနေရာဒေသကို ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုလို့ပဲ မြင်တယ်။ အဲဒီအကူအညီ အထောက်အပံ့နဲ့က အဆင်ပြေသွားမျိုး မရှိဘူးလေ။ ရောက်လာပြီး ဓာတ်ပုံရိုက်သွားတယ်၊ စက်လှေနဲ့ ပတ်ကြည့်ပြီး ပြန်သွားတယ်ပေါ့။ ထိုနည်းလည်းကောင်းပဲထွေအုပ်တို့ လဝကတို့ ဝန်ကြီးတို့ စသဖြင့်လည်း ရောက်လာကြတယ်။ ကူညီကယ်ဆယ်တဲ့ အပိုင်းမှာတော့ ထိရောက်တဲ့ဟာ မရှိသလောက်ပါပဲ။

ဧရာဝတီတိုင်းမ် – အခုလိုအချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

အင်းလေးလူငယ်အမျိုးသမီး – ဟုတ်ကဲ့ ကျေးဇူးပါ။

#အင်းလေး #တက်ကြွလှုပ်ရှားသူ #အမျိုးသမီးလူငယ် #ငလျင်ဘေးသင့် #အင်းလေးဒေသအကြောင်း #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)