ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၆ ရက်)

ဆင်ရေယုန်ရောဂါဟာ Varicella Zoster Virus (VZV) လို့ခေါ်တဲ့ ဗဲရီဆယ်လာ ဇိုစတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ နာကျင်ခြင်းနဲ့အတူ အရေပြားပေါ်မှာ အရည်ကြည်ဖုအကွက်တွေ ထွက်လာတာကို အဓိက လက္ခဏာအဖြစ် တွေ့ရပြီး ဒါကို Shingles (Herpes Zoster) ဆင်ရေယုန်လို့ ခေါ်ကြပါတယ်။

အရင်တုန်းက ရေကျောက် (Chickenpox) ဖြစ်ဖူးသူတွေမှာ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ကိုယ်ခံအားနည်းတဲ့ အခါတွေမှာ ဒီဗိုင်းရပ်စ်ပိုးက ပြန်နိုးထလာပြီး ဆင်ရေယုန်ကို ဖြစ်စေနိုင်ပါတယ်။

#ဆင်ရေယုန်စတင်ဖြစ်ပွားပုံ

ဗိုင်းရပ်စ်ပိုးဟာ ကျောရိုးရဲ့အာရုံကြောအဖုလေးကို ထိခိုက်ပြီး သက်ဆိုင်ရာအာရုံခံ အရေပြား မျက်နှာပြင်ပေါ်မှာ နာကျင်တာ ၊ မီးစနှင့်ထိုးသလိုပူတာ၊ ခပ်စပ်စပ်နေမထိထိုင်မသာဖြစ်တာ၊ ယားယံတာတွေကို အရင်ဆုံးခံစားရပါတယ်။

ဒီလို လက္ခဏာတွေ ခံစားရပြီးတဲ့နောက်မှာတော့ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ကိုယ်လက် ညောင်းညာ ကိုက်ခဲတာ၊ နုံးချိပန်းလျတာတွေ တွဲပြီး ဖြစ်နိုင်ပါတယ်။

အရေပြားပေါ်မှာ အကွက်လိုက် အစုလိုက် အနီပြင်ပေါ်လာပြီး ခါးတစ်ဖက်မှာ အပြင်လိုက် ပျံ့နှံ့တတ်တာကြောင့် ခါးပတ်ရေယုန်လို့တောင် ခေါ်ကြပါသေးတယ်။ အဲ့ဒီ အနီပြင်ရဲ့အပေါ်ယံမှာ အရေကြည်ဖုငယ်လေးတွေ အစုလိုက် အပြွတ်လိုက်ထွက်လာချိန်မှာတော့ ဆင်ရေယုန်ဆိုပြီး ရောဂါကို နာမည်တပ်နိုင်ပြီဖြစ်ပါတယ်။

ဆင်ရေယုန်ပေါက်တဲ့နေရာက ယားယံပြီး နာကျင်တတ်ပါတယ်။ အနာကို ကုတ်ဖဲ့ချင်တာ၊ အဖုတွေကို ဖောက်ချင်တာမျိုး ဖြစ်တတ်ပါတယ်။ အဖုတွေ ပေါက်သွားတာ ဒါမှမဟုတ် ဖောက်မိသွားတာတွေ ဖြစ်ရင် အနာရင်းပြီး ပျောက်ဖို့ ကြာတတ်ပါတယ်။

ဆင်ရေယုန်ရဲ့ လက္ခဏာတွေဟာ ၁၀ ရက်ကနေ ၁၅ ရက်အထိ ကြာနိုင်ပြီး အမာရွတ်တွေလည်း ကျန်ခဲ့နိုင်ပါတယ်။ ရက် ၃၀ ကျော်ကြာတဲ့အထိ မသက်သာရင်တော့ ဆိုးရွားတဲ့နာတာရှည် ဆင်ရေယုန် လို့ သတ်မှတ်နိုင်ပါတယ်။

ဆင်ရေယုန် ဘယ်လောက်ကြာအောင်ပေါက်ခဲ့သည်ဖြစ်ပါစေ ရေယုန်အဖုဖြစ်ခဲ့တဲ့နေရာမှာ အရေပြား အရောင်ပြောင်းတာ၊ အမာရွတ်ထင်ကျန်ခဲ့တာ ဖြစ်နိုင်သလို တချို့တွေမှာလည်း ပုံမှန်အသားအရေ အတိုင်း ပြန်ကောင်းသွားတာမျိုး ရှိနိုင်ပါတယ်။

#ဆင်ရေယုန်ကူးစက်အပြီးအာရုံကြောနာကျင်ခြင်း

ဆင်ရေယုန်ပေါက်ပြီးအားလုံးပြန်ကောင်းသွားတတ်ပေမယ့် လူအချို့မှာ သုံးလ လေးလ ကြာသည့်တိုင် စူးရှပူ‌လောင်နာကျင်ခြင်းကို ဆက်လက်ခံစားရတတ်ပါတယ်။ ရေယုန်ပေါက်ခဲ့တဲ့အရေပြားကို တစ်ခုခုနဲ့ ထိမိ ပွတ်မိ လေတိုက်မိတဲ့အခါ စူးစူးရှရှ ပူပူလောင်လောင် နာကျင်ရပါတယ်။ ဒါကို ဆေးပညာအရတော့ ဆင်ရေယုန်ကူးစက်အပြီး အာရုံကြောနာကျင်ခြင်း လို့ သတ်မှတ်ထားကြပါတယ်။

#မျက်စိနှင့်ဆင်ရေယုန်

မျက်စိကို ကူးစက်တဲ့ဆင်ရေယုန် ဖြစ်ပွားပါက မျက်စိနာတာ၊ မျက်ခမ်းရောင်တာ၊ မျက်သားရောင်တာ၊ ရေတိမ်မြင်လွှာရောင်တာ၊ မျက်လုံးအာရုံကြောရောင်တာ၊ မျက်လုံးတင်းပြီး ပြူးထွက်လာတာ၊ မျက်ခွံ တွဲကျတာ၊ မျက်ခွံပိတ်မရတာ၊ မျက်လုံးမျက်ခမ်းကြွက်သားတွေ အားနည်းသွားတာ အပါအဝင် မျက်စိ ရောဂါအများကြီး ဆက်စပ်ဖြစ်ပွားနိုင်ပါတယ်။

#ဦးနှောက်အာရုံကြောနှင့်ဆင်ရေယုန်

ဆင်ရေယုန်ဗိုင်းရပ်စ်ပိုးဟာ အာရုံကြောကို ကြိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ကူးစက်ခံရတဲ့ အာရုံ‌ကြောအတိုင်း ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ မျက်နှာထိန်းချုပ်နေတဲ့ အာရုံကြောတွေ၊ နားအာရုံကြော ၊ အလိုလျောက်ထိန်းချုပ်တဲ့ ကလီစာပိုင်း အာရုံကြော၊ စကားပြောအင်္ဂါထိန်းချုပ် အာရုံကြော အပါအဝင် ဦးနှောက်အမြှေး အဆုတ်အမြှေး ဆီးလမ်းကြောင်းနှင့် အူလမ်းကြောင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာပါ ဖြစ်တတ်ပြီး ရောဂါလက္ခဏာအထူးအဆန်းများ ကြုံတွေ့ ရတတ်ပါတယ်။

#ဆင်ရေယုန်ရောဂါ ရှာဖွေခြင်း

ဆင်ရေယုန်ရောဂါကို ဘယ်လို သိနိုင်သလဲ

သာမန်ရိုးကျ အရေပြားမှာဖြစ်တဲ့ ဆင်ရေယုန်ကိုတော့ ပုံမှန်အားဖြင့် ဆရာဝန်က အရေပြားပေါ်မှာ ထွက်လာတဲ့ လက္ခဏာတွေကို စမ်းသပ်ကြည့်ရှုပြီး ဆင်ရေယုန်ဟုတ်မဟုတ် ပြောနိုင်ပါတယ်။

တကယ်လို့ ရောဂါလက္ခဏာအထူးအဆန်းများနှင့် ကုသမှု ခံယူလာတဲ့ လူနာတွေကိုတော့ ဦးနှောက်အာရုံကြော မျက်စိ နား စစ်ဆေးခြင်းနှင်အတူ DFA စစ်ဆေးခြင်း (direct fluorescent antibody testing on vesicular fluid or a corneal leision ) ၊ PCR စစ်ဆေးခြင်း (polymerase chain reaction testing of the vasicular fluid, a corneal leision or blood) တွေနဲ့ပါ ရောဂါရှာဖွေရပါတယ်။

#ဆင်ရေယုန်ကုသနည်းများ

ဆင်ရေယုန်ရောဂါခံစားရချိန် တိုတောင်းစေဖို့အတွက် ဆင်ရေယုန်လို့ သိလျှင်သိချင်း ၊ Antivirual drug- (Acyclovir, Valacyclovir) ဆေးညွှန်ကြားကုသနိုင်ပါတယ်။ ဆေးပမာဏနှင့် ဆေးညွှန်းတွက်ချက်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမှာဖြစ်ပါတယ်။ အနာလိမ်းဆေးများ၊ အယားပြေဆေး၊ အရောင်ကျဆေး အနာသက်သာဆေးတွေအပြင် လိုအပ်ပါက ကိုယ်ခံအားတက်စေဖို့ဆေးများ စသည်ဖြင့် လိုအပ်သလိုကုသရမှာဖြစ်ပါတယ်။

အိမ်မှာလည်း ရေခဲကို အဝတ်သန့်သန့်နဲ့ ထုပ်ပြီး ရေယုန်အဖုတွေအနီပြင်တွေအပေါ် မကြာခဏ ကပ်ပေးနိုင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးထားပြီး နေ့တိုင်း ရေချိုးပေးရပါမယ်။

ဆိုးရွားတဲ့ရောဂါလက္ခဏာများရှိနေတဲ့သူမှာတော့ ဆေးရုံတင်ပြီးကုသခြင်းသည် မဖြစ်မနေလို အပ်ပါတယ်။

#သတိပေးချက်

မီးသွေးမှုန့်သိပ်တာ၊ အနာကိုဖောက်ပစ်တာ၊ အနာပေါ်မှာ မသန့်တဲ့ဆေးလိမ်းတာတွေက ရောဂါကို ပိုဆိုးစေပြီး သတိပြုကြပါ။ အရပ်ထဲတွင်ပြောနေကြသလို “ဆင်ရေယုန်ရောဂါက ခါးတစ်ပတ်ပြည့်လျှင် အသက်‌သေဆုံးတတ်တယ်။ ရူးတတ်တယ်” ဆိုတဲ့ အယူအဆတွေက မှားယွင်းတဲ့ အယူတွေ ဖြစ်ပါ တယ်။

ဒါကြောင့် မှန်ကန်တဲ့ကုသကို ခံယူရင်း ကျန်းမာရေးအသိအမြင်တွေရကြပါစေ။ ဧရာ၀တီတိုင်းမ် စာဖတ်ပရိသတ်များအတွက် နောက်တစ်ပတ်မှာတော့ အဆုတ်တီဘီ ရောဂါ အကြောင်း တင်ဆက် ပေးမှာဖြစ်ပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆင်ရေယုန်ရောဂါ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)