နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့တို့သည် ငလျင်လှုပ်သည့်နေ့မှစ၍ ဝေဟင်အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်နေကြောင်း ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။

အလားတူ PNA ပြည်သူ့စစ်အဖွဲ့ကလည်း စစ်ကောင်စီနှင့် ပူးပေါင်း၍ ညောင်ရွှေမြို့ရှိ အင်းလေးဒေသအပါအဝင် ထီခိုးရွာ၊ ရေပူရွာ စသည့်ကျေးရွာများကို စစ်ကြောင်းထိုးမည်ဟု ယမန်နေ့ ဧပြီ ၆ ရက်က ထုတ်ပြန်ပြောဆိုထားပြီး ယင်းနေ့တွင်ပင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

“ကြေညာချက် ထုတ်တာထား မရှိ​သေးပေမယ့် သူတို့သတင်းပြန်ကြားရေးက ဆန်အောင်က ငလျင်းဘေးကြားကနေ တိုက်ပွဲပိုပြင်းထန်ဖို့ ရှိမယ်ပြောတယ်။ အထူးသဖြင့် ညောင်ရွှေတောင်ပိုင်းကို focus လုပ်ပြီးပြောတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်အဖွဲ့တို့သည် မြေပြင်တွင် အင်အားဖြည့်တင်း ထိုးစစ်ဆင်နေသဖြင့် ယမန်နေ့ကလည်း ငလျင်ဒဏ်သင့် နေရာနှင့် ခုနှစ်မိုင်အကွာ၌ တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ၏ ပစ်ခတ်ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြင့်လည်း သုံးကြိမ် ဗုံးကြဲခဲ့ရာ ရေပူကျေးရွာရှိ အရပ်သားနေအိမ် နှစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံက သိရသည်။

“စစ်ရေးတင်း​မာနေတာကနေ ထိုးစစ်ဆင်မှုတွေ ပြန်စတယ်လို့ ပြောလို့ရတယ်။ မြေပြင်တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီနဲ့ PNA က လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ လေကြောင်း ဗုံးကြဲမှုတွေ ရှိနေခဲ့တာဖြစ်တယ်။ ငလျင်လှုပ်တဲ့ နေ့တွေမှာလည်း လက်နက်ကြီး ပစ်တာပါပဲ” ဟု PYO မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းသို့ စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လတွင် သေဆုံးမှု အများအပြားရှိခဲ့သလို ယခုလ ဧပြီ၌မူ လက်ရှိအထိ လူထိခိုက် သေဆုံးမှုများ မကြားသိရသေးသော်လည်း အပြစ်မဲ့ အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုများ တွေ့မြင်ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ-PNA
#ညောင်ရွှေမြို့ #ငလျင်လှုပ်သည့်နေ့မှစ၍ #စစ်ကောင်စီ #PNAအဖွဲ့ #လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက် #စစ်ကြောင်းထိုး #Ayeyarwaddy_Times