
ဧရာဝတီတိုင်းမ်
ဧပြီ ၆ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ ကြဲချခဲ့ကြောင်း သိရသည်။
တောင်ခမ်းကျေးရွာရှိ မစခ ၉၀၂ တပ်စခန်းအနီး ယမန်နေ့ ဧပြီ ၅ ရက် မွန်းလွဲ ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ အဆိပ်ငွေ့ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
“ဒီနေ့မနက်ထိ တိုက်ပွဲရှိနေတယ်။ ဂျက်ဖိုက်တာနဲ့ဝဲပြီး ဗုံးလည်းကြဲတယ်။ တိုက်ပွဲပြင်ပကို ပစ်သွားတာ တွေလည်းရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်အထိ ရက် ၂၀ ကြာ အပစ်ရပ်သည်ဟု ထုတ်ပြန်ထားသော်လည်း TNLA အုပ်ချုပ်သည့်မြို့နယ်များတွင် စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့်နေရာများကို လေကြောင်းမှဗုံးကြဲခြင်း စသည့်လုပ်ရပ်များကို ပြုလုပ်လျက် ရှိသည်ဟု TNLA ကဆိုသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာ၊ နမ့်ဆောင်ဟူး ကျေးရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ၏ နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် ၇ ဒသမ ၇ အဆင့်ရှိ ပြင်းအားမြင့် ငလျင်လှုပ်ခတ်နေချိန်တွင်လည်း နောင်ချိုမြို့နယ်အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-TNLA
ပုံစာ-စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများကြဲချထားသည့် မြင်ကွင်း၊
#ရှမ်းမြောက် #နောင်ချို #မစခ ၉၀၂ #တိုက်ပွဲဖြစ် #စစ်ကောင်စီ #အဆိပ်ငွေ့ဗုံး #ကြဲချ #တိုက်ခိုက်
#Ayeyarwaddy_Times