
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်-ဘင်းမ်စတက် (BIMSTEC) အစည်းအဝေးကို တက်ရောက်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ပြင်ဆင်ခဲ့သော်လည်း အမြတ်မထွက်ဘဲ ဆန့်ကျင်မှုများသာ ကြုံတွေ့ခဲ့ကြောင်း သိရသည်။
အဆိုပါဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ်တာဝန်ယူ၍ ဧပြီ ၂ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပရာ အာဏာသိမ်း မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုပါ ထည့်သွင်းဖိတ်ကြားထားသဖြင့် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့ကြောင်း လေ့လာသူများ ဆိုသည်။
“ဒီကိုလာဖို့ (စစ်ခေါင်းဆောင်) မင်းအောင်လှိုင် ဖက်ကလည်း ပြင်ဆင်ရတယ်။ ထိုင်းတံငါ ဖမ်းထားတဲ့ လေး ဦးလွှတ်ပေးတာ၊ အပစ်ရပ် ကြေညာတာမျိုး စတဲ့ နိုင်ငံတကာက မေးခွန်းထုတ်နိုင်တာတွေအတွက် ကြိုပြင်လာခဲ့တယ်။ ဒါပေမယ့် နိုင်ငံတကာ ယုံကြည်မှုရဖို့ ဆက်လက် လုပ်ဆောင်ရဦးမယ်” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သော မတ် ၂၇ ရက် နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ ၎င်းတို့အခေါ် တပ်မတော်နေ့တွင် ထိုင်းရေလုပ်သား လေး ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သလို ငလျင်ကြောင့် ဧပြီ ၁ ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ခဲ့ပြီးမှ ယခု ထိုင်းခရီးစဥ်ကို လာရောက်ခဲ့ ခြင်းဖြစ်သည်။
ဘန်ကောက်မြို့တွင် ကျင်းပသော ဘင်းမ်စတက် အစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်ရခြင်းသည် ၎င်းတို့ အာဏာသိမ်း လေးနှစ်ကျော်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက် ခွင့်ရပြီးနောက် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
“(စစ်ခေါင်းဆောင်) မင်းအောင်လှိုင်အတွက်တော့ မရစဖူး နိုင်ငံတကာ မျက်နှာစာကို တက်ခွင့်လေး ရတာပေါ့နော်။ ဒါပေမယ့် သူ့မျက်နှာက သိပ်ရွှင်ရွှင်လန်းလန်း မရှိပါဘူး။ လူတွေကသာ အကျိုး အမြတ်ထွက်မယ်လို့ ထင်တာ မလွယ်ဘူးဗျ။ သူ့အတွက် ဘာမှထူးမှာ မဟုတ်ဘူး” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအစည်းအဝေးကို စစ်ခေါင်းဆောင် တက်ရောက်ခွင့်ရသော်လည်း ၎င်းကို ထိုင်းနိုင်ငံ ဝန်ကြီးအဆင့်ကသာ လာရောက်ကြိုဆို၍ ဘင်မ်းစတက် အစည်းအဝေးအတွင်း ပြသသည့် Power Point တွင်လည်း မြန်မာစစ်ခေါင်းဆောင်ဟု ဖော်ပြသုံးနှုန်းထားကြောင်း သတင်းများအရ သိရသည်။
ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းရှိ သတင်းများတွင်လည်း စစ်အာဏာရှင်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ဟု ထုတ်လွှင့်ဖော်ပြကြသလို ၎င်းအား ဖိတ်ကြားခဲ့သဖြင့် ထိုင်းလွှတ်တော်အတွင်း၊ နိုင်ငံတကာ၊ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီကမူ အဆိုပါခရီးစဥ်နှင့် ပတ်သက်၍ ဂုဏ်ယူဖွယ် ဖော်ပြနေသလို စစ်ခေါင်းဆောင်ကလည်း တက်ရောက်လာသော ဘင်မ်းစတက်အဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရာမြန်မာ့ငလျင် အခြေအနေအပြင် ၎င်းတို့ ပြုလုပ်ရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ ပြင်ဆင်နေမှု ကိစ္စရပ်နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကောင်စီနှင့် အပေါင်းအပါများကို အကြမ်းဖက်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှုတို့အတွက် နိုင်ငံတကာက ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ထားသလို အာဂျင်တီးနားနိုင်ငံ တရားရုံးကလည်း ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
ဧပြီ ၄ ရက်နေ့အထိ ကျင်းပသည့် ဘင်းမ်စတက် အစည်းအဝေး တက်ရောက်နေသည့် စစ်ခေါင်းဆောင် သည် ဧပြီ ၄ ရက်နေ့ ညတွင်းချင်း၊ ည ၉ နာရီတွင် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ တစ်ဆင့် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ခေါင်းဆောင် #ဘင်းမ်စတက်အစည်းအဝေး #အကျိုးအမြတ်မထွက် #ဆန့်ကျင်မှုများ #ကြုံတွေ့ #Ayeyarwaddy_Times