ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ဝင်ရောက်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၅ ဦးသေဆုံး ၄ ဦးဒဏ်ရာရဟုဆို

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရေးမြို့နဲ့သုံးမိုင်အကွာ ရေး-ထားဝယ်ကားလမ်းမပေါ်က ရေးတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူစောထီး ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

” စခန်းထဲမှာ ၉ကောင်ရှိတယ်။ သေတာက စခနဲ့ပျူ ၅ကောင်၊ ၄ကောင်ဒဏ်ရာရတယ်။ ဝင်ပစ်တာက ဒီတခေါက်ကျနော်တို့အင်အားသုံးပြီးမှဝင်ပစ်တာဖြစ်တယ်ဗျ၊ သူတို့ရဲ့ထွက်ပေါက် ၂ ပေါက်ကိုပိတ်ပြီးတော့ကိုသူတို့စခန်းကုန်းကို စီးနင်းပစ်ခတ်ခဲ့တာပေါ့။ နောက်တခုကကျနော်တို့logo ပါတဲ့အလံကိုသူတို့စခန်းမှာစိုက်ခဲ့တယ်။ သူတို့စခန်းကအလံကိုလည်း

ကျနော်တို့အပါပြန်သိမ်းလာခဲ့တယ်” လို့ သူကပြောပါတယ်။

ရေးမြစ် ချောင်းကူးတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်ဝင်ရောက်စီးနင်းပစ်ခတ်ခံရလို့ စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိပြီးထိခိုက်သေဆုံးမှုကိုစာရင်းကို သတင်း ဖုံးဖိဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရေးမြို့နယ်မှာ ယောက်ကျား ၂ ဦးတွဲ ဆိုင်ကယ်မစီးနင်းဖို့စစ်ကောင်စီကတားမြစ်ထားဖြစ်ပြီး အဲ့ဒီရေးမြစ်ချောင်းကူးတံတားစစ်ဆေးရေးဂိတ်က အမျိုးသမီးတွေပါလမ်းဆင်းလျှောက်ခိုင်းပြီး အစစ်ဆေးကြမ်းတမ်းတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၂၈ ရက်နဲ့ သြဂုတ်လ ၂ ရက်နေ့တွေမှာလည်း ရေးဘီလူးအဖွဲ့က ရေးမြို့မရဲစခန်းနဲ့ ရေးမြို့နယ်လဝကရုံးတွေကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရဲ ၄ ဦး၊ လဝကဦးစီးမှူးအပါအဝင် ၅ ဦးထိခိုက်သေ ဆုံးပြီးခဲ့တဲ့နောက်စစ်ကောင်စီကရေးမြို့ကို ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ဌာနဆိုင်ရာရုံးတွေမှာလုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – ရေးတံတားစစ်ဆေးရေးဂိတ် ရေးမြို့ဘက်အခြမ်းအားမြင်တွေ့ရစဥ်။(ပုံဟောင်း)

#AyeyarwaddyTimes