ဖျာပုံမြို့မှာ ရှင်းလင်းခံရတဲ့ စစ်ကောင်စီ သတင်းပေး(ဒလန်)ဟု ဆိုသူနှင့် အဆက်အသွယ်ရှိသူတွေကို ဆက်လက်အရေးယူသွားမည်ဟုဆို
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဖျာပုံ)၊ သြဂုတ်လ ၂၅ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှာ သြဂုတ်လ၂၃ရက်နေ့က Black Dragon Force Pyapon က ပစ်ခတ်ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းပေးဒလန်ဟုဆိုသူ မနှင်းဝေခိုင်နဲ့ အဆက်အသွယ်ရှိတဲ့သူတွေကို ဆက်လက်အရေးယူသွားမယ်လို့ Black Dragon Force Pyapon ရဲ့တာ၀န်ခံ ဗိုလ်နိုင်းဒီက ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းပေး မနှင်းဝေခိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် သူမရဲ့လက်ကိုင်ဖုန်းအတွင်းက သူမနဲ့အဆက်အသွယ်ရှိသူတွေကို စိစစ်ပြီးတော့ အရေးယူသွားမယ်လို့ သူကဆိုပါတယ်။
“နှင်းဝေခိုင်ရဲ့ဖုန်းကို စစ်ဆေးကြည့်တဲ့အချိန်မှာ ဖျာပုံမြို့ပေါ်ကဘယ်သူက ဘာဆိုတာတော်တော်များများသိခဲ့ရတယ်။ ကိုယ့်လူ သူ့ဘက်သားတွေကိုလည်း သိခဲ့ရတယ်။သေသေချာချာစိစစ်ပြီး ဆက်လက်အရေးယူသွားမှာပါ”လို့ Black Dragon Force Pyapon ရဲ့တာ၀န်ခံဗိုလ်နိုင်းဒီက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မနှင်းဝေခိုင်ရဲ့ လက်ကိုင်ဖုန်းထဲမှာ ၎င်းကိုယ်တိုင်ရိုက်ယူထားတဲ့ ဓာတ်ပုံ တစ်သောင်းခုနှစ်ထောင်ခန့်ရှိတယ်လို့ သိရပြီး အများစုဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရိုက်ကူးထားတာလို့ သိရပါတယ်။
ဒါ့အပြင် လက်ကိုင်ဖုန်းအတွင်းမှာ ၎င်းနဲ့အဆက်အသွယ်ရှိတဲ့ အခြားသော သတင်းပေး(ဒလန်)တွေရဲ့ အချက်အလက်တွေပါ ပါဝင်နေတာကြောင့် ဆက်လက်အရေးယူဖို့ပြင်ဆင်နေတယ်လို့ သူက ဆိုပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးက ထွေအုပ်စာရေး မနှင်းဝေခိုင်နဲ့ သူ့အဖော်ဖြစ်သူ မနိုးနိုးဝေတို့နှစ်ဦးကို Black Dragon Force Pyaponအဖွဲ့မှ စစ်ဆင်ရေးအမှတ် စဥ် ၂ (Level 2) အဖြစ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဖော်ပါလာသူ မနိုးနိုးဝေမှာလည်း Black Dragon Force Pyaponအဖွဲ့ရဲ့ သတိပေးခံထားရသူဖြစ်တာကြောင့် ပစ်မှတ်မှာ မပါဝင်ပေမယ့် စစ်ဆင်ရေးဖော်ဆောင်ချိန်မှာ လုံခြုံရေးအရ တစ်ပါတည်း သုတ်သင်ရှင်းလင်းခဲ့ရတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့နေ့လည်ပိုင်းမှာ စစ်တပ်နဲ့ရဲများလုံခြုံရေးယူပေးကာ ဖျာပုံမြို့ သုသာန်တစ်ခုတွင် သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
၎င်းတို့ နှစ်ဦး ပစ်ခတ်ခံရတာကြောင့် ဖျာပုံမြို့ပေါ်မှာ စစ်ကောင်စီတပ်များနဲ့ ရဲများကမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ဖျာပုံ #သတင်းပေး #ဒလန် #လက်ကိုင်ဖုန်း #အဆက်အသွယ်ရှိသူများ #အရေးယူ
#Ayeyarwaddy_Times