ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်

စစ်ကောင်စီသည် ရက် ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲသည်ဟု ယမန်နေ့ ဧပြီ ၂ ရက်နေ့ ညပိုင်းက ထုတ်ပြန် ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ကို လေကြောင်းမှ ဗုံးသီး ၃၁ လုံးအထိ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဧပြီ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှစတင်၍ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အတွင်းသို့ Y-12 ဖြင့် ဗုံးသီး ၃၁ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအန္တရာယ်ကို စောင့်ကြည့်မှတ်တမ်းတင်ကာ တစ်နိုင်ငံလုံး လေကြောင်း ကင်းထောက်နေသည့် Nationwide air scout-NAS က ထုတ်ပြန်ထားသည်။

“မနက်က Y 12 နဲ့ဗုံးလာကြဲတာမှန်ပါတယ်။ တိုက်ပွဲ ၂ ရက်ဆက်တိုက်ဖြစ်နေပါတယ်”ဟု အင်းတော်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စိတ်အေးလက်အေးလုပ်ဆောင်နိုင်ရန် ညီနောင် မဟာမိတ်သုံးဖွဲ့ နှင့် NUG တို့က ယာယီတစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကောင်စီကလည်း ရက် ၂၀ ကြာယာယီအပစ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့၍ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကလည်း စစ်ကောင်စီနည်းတူ ယာယီ ထိုးစစ်ရပ်ကြောင်း ထုတ်ပြန်ထားသည်။

“အပစ်ရပ်တယ်၊ မရပ်ဘူးဆိုတာက မြို့တွင်းတိုက်ပွဲဖြစ်နေတယ်။ ရန်သူနဲ့က ၃ နဲ့ ၄ လိုဖြစ်နေတော့ ထိတွေ့မှုကရှိတယ်။ ရန်သူဘက်က လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ပစ်နေတာဆိုတော့ ထိတွေ့တိုက်ပွဲ ကရှိနေတယ်။ ထိတွေ့တာက အမြဲဖြစ်နေကြပေါ့။ ကိုယ့်ဘက်ကလှုပ်ရှားမှုမြင်ရင် စစ်တပ်က စနိုက်ဘာ တွေ လက် နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲဒီလိုအနေအထားပါ”ဟု တော်လှန်ရေးရဲဘော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်ကလည်း အင်းတော်ကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကြောင်း ကြေညာပြီးနောက် ကချင်ပြည်နယ်တွင်လည်း လေကြောင်းမှ ဗုံးကြဲခြင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

#ကချင် #အင်းတော် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #ဗုံးသီး၃၁လုံး #Ayeyarwaddy_Times