
(ချင်း)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၂ရက်
ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ နေအိမ်နှင့် အဆောက်အဦများ ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဧပြီလ ၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်နှင့် ယနေ့ ဧပြီလ ၂ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နှင့် လွန်ဒုံကျေးရွာတို့တွင် စစ်ကောင်စီတပ်က Y-12 အမျိုးစား လေယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မတ်လတုန်းက ဗုံးကြဲသွားတဲ့နေရာမှာ မနေ့ကမနက် လေယာဥ်နှစ်စီး ထပ်လာတယ်။ ပြီးတော့မှ လေယာဥ်တစ်စီးကနေ ဗုံးကြဲသွားတယ်။ ထိခိုက်မှုအခြေအနေ မသိရသေးဘူး။ အဲဘက်မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ၊အင်တာနက်တွေမရဘူး။ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ ဒီနေ့လည်း မြို့ထဲမှာ ဗုံးကြဲတယ်။ ထိခိုက်မှုအခြေအနေတော့ လောလောဆယ် မသိရသေးပါဘူး။ မြို့ထဲဆိုတော့ ပျက်စီးမှုရှိနိုင်တယ်” ဟု ကန်ပက်လက်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ မင်းတပ်မြို့တွင် ယမန်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ယနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ ၂၉ မိနစ်တွင် တစ်ကြိမ် စုစုပေါင်းလေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့ညက အရှေ့ပြင်ရပ်ကွက်ဘက်မှာ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး နှစ်ကြိမ် ကြဲသွားပါတယ်။ ဒီနေ့ နေ့လည်မှာ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးထပ်ကြဲတယ်။ မနေ့ကတော့ အိမ်နဲ့အဆောက်အဦပျက်စီးမှုရှိတယ်။ဒီနေ့တော့ ထိခိုက်မှု အခြေအနေ မသိရသေးဘူး” ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့ပေါ်နေ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဧပြီလ ၁ ရက်တွင် အသိပေး သတင်းထုတ်ပြန်ထားသည်။
ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလတွင် စစ်ကောင်စီတပ်အနေဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ချင်းအမျိုးသားတပ်ဦး(CNF)က မတ်လ ၃၁ ရက်နေ့တွင် တိုက်တွန်းထားသည်။
ငလျင်ဘေးဒဏ်ပြန်လည်ကယ်ဆယ်ထူထောင်ရမည်ဖြစ်သော်လည်း လိုအပ်သည့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
#မင်းတပ် #ကန်ပက်လက် #စစ်ကောင်စီ #၂ရက်ဆက်တိုက် #ဗုံးကြဲတိုက်ခိုက် #နေအိမ် #အဆောက်အဦများပျက်စီး
#Ayeyarwaddy_Times