ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အိမ်ငှားဖြင့် နေထိုင်သည့် CDM ရဲ တစ်ဦးကို မတ်လနောက်ဆုံးပတ်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက်၊ ရာမည ၇ လမ်းတွင် နေထိုင်သည့် CDMရဲတပ်ဖွဲ့၀င် ကိုဖြိုးပိုင်ဆိုသူကို ညပိုင်းတွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“သူက ဘယ်စခန်းက ဘာရာထူနဲ့CDM လုပ်ထားလည်းတော့မသိဘူး။ ရာအိမ်မှူးက သတင်းပေးလို့လာဖမ်းသွားတာ”ဟု ရပ်ကွက်တွင် နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသူကို ရဲပြေးမှုအပြင် PDFအဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ စစ်ဆေးနေပြီး မိသားစုနှင့်တွေ့ဆုံခွင့်မရကြောင်း သိရသည်။

ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများ တိုင်းအတွင်းသို့၀င်ရောက်နိုင်ခြင်းမရှိအောင် စစ်ကောင်စီမှ ရပ်ကွက်များကိုဧည့်စာရင်းစစ်ဆေးနေပြီး CDMများနှင့်၀ရမ်းထုတ်ခံထားရသူများစာရင်းကိုပေးကာ စစ်ဆေးခိုင်းနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဓာတ်ပုံ-ပုံဟောင်း

#ပုသိမ်မြို့ #အိမ်ငှားနေထိုင်သည့် #CDMရဲတစ်ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times