
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာသို့ စစ်ကောင်စီရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး ခုနစ် ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ ဝါးနက်ချွိန်ရွာအနီးတွင် ကျောက်ချရပ်ထားသည့် စစ်ကောင်စီ Navy မှ ယနေ့ မတ် ၃၁ ရက် နံနက် ၉ နာရီခန့် တွင် လက်နက်ကြီး သုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် သံဃာတော်များနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်သတင်းရင်း မြစ်ထံမှ သိရသည်။
“ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျတော့ ဆရာတော်နဲ့ ကိုရင်တွေအပြင် အုန်းတော၊ ကင်းပင်လယ်နားရွာသစ်၊ နမ့်ဆင်တပ်မော်ရွာသစ်က စစ်ရှောင်လာတဲ့ သက်ကြီးပိုင်းတွေနဲ့ အမျိုးသမီး အချို့ ဒဏ်ရာရကုန်တယ်”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇင်ချောင်းကုန်ဘွေရွာမှ အရှင်အာဒိစ္စ သက်တော် (၃၂) နှစ်၊ ကိုဘဂျမ်း (၃၀) နှစ် တို့ သေဆုံးပြီး သက်တော် ၇၄ နှစ်ရှိ သံဃာတော်နှင့် ဒေသခံ ခြောက် ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဇင်ချောင်းကုန်ဘွေရွာရှိ ဘုန်းကြီး ကျောင်းဓမ္မာ ရုံ၊ အောင်မင်္ဂလာရပ်ကွက်နှင့် လမ်းမကြီးထက်တွင် ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
လက်နက်ပေါက်ကွဲမှုကြောင့် ကိုဘဂျမ်းမှာ နေရာတွင်ပင်သေဆုံးသွားပြီး အရှင်အာဒိစ္စမှာ ဆေးကုသရန် ပို့ဆောင်စဉ် လမ်း၌ပင်ပျံလွန်တော်မူကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်ကို ယမန်နေ့ မတ် ၃၀ ရက်နေ့ကလည်း ဒရုန်းဖြင့် ဒရော့ဗုံးချတိုက် ခိုက်ခဲ့ရာ လူနေအိမ်ခြေအချို့ပျက်စီးခဲ့ကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီရေတပ်သင်္ဘောမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ သေဆုံး ဒဏ်ရာရသူများ
#ရခိုင် #ကျောက်ဖြူ #စစ်ကောင်စီ #ရေတပ်သင်္ဘော #လက်နက်ကြီး #ပစ်ခတ် #သံဃာတော် #ဒေသခံ #သေဆုံး #Ayeyarwaddy_Times