နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

စစ်ရေးအရှိန် မြှင့်တက်လာသည်နှင့်အမျှ မရှုမလှ စစ်ရှုံးလာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ ရုံးစိုက်တည်ရှိရာ နေပြည်တော်မှ ထွက်မပြေးရရေး ငြိမ်းချမ်းရေး စကားဝိုင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူတို့က သုံးသပ်သည်။

စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) က ဦးဆောင်၍ နေပြည်တော်တွင် မတ် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တာ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ခုခံတော်လှန်မှုများကြောင့် မရှုမလှ စစ်ရှုံးနေပြီး လက်ရှိတိုင် နာလန်မထူနိုင် ဖြစ်နေသောကြောင့် နီးစပ်ပတ်သက်သည့် လက်ဝေခံများဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေး စကားဝိုင်းများ ပြုလုပ်ခြင်းသည် အဆန်းမဟုတ်ကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“စစ်ရှုံးနေတာကလည်း ပြန်ပြီးတော့မှ နလန်မထူနိုင်သလို အချိန်ကြာရှည်သွားရင် နေပြည်တော်ကနေ သူစွန့်ခွာထွက်ပြေးရတဲ့ အနေအထား ကြုံမှာဆိုးလို့ အဲဒါတွေ လုပ်နေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း စစ်ရေး၊ စီးပွားရေးအရ အဓိကအရေးပါလှသော နယ်မြေ ဒေသ စစ်ဌာနချုပ် တပ်စခန်းပေါင်း များစွာကို လက်လွှတ်ဆုံးရှုံးနေရပြီး နိုင်ငံရေး ထွက်ပေါက် ရရန်အတွက် အတုအယောင် ရွေးကောက်ပွဲကို ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

စစ်ကောင်စီသည် တစ်ဖက်တွင်လည်း သံဃာနှင့် အရပ်သားများပါမကျန် ပစ်မှတ်ထား၍ ဗုံးကြဲ တိုက်ခိုက်နေသလို ထိုသို့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ပြုလုပ်သော ငြိမ်းချမ်းရေး စကားဝိုင်းကို အယုံကြည်မရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။

“အခုပဲ ငြိမ်းချမ်းရေး စကားပြောပြီး ပြောလို့တောင် မဆုံးသေးဘူး လူထုနဲ့ သံဃာထုအပေါ် ဗုံးကြဲသတ်ဖြတ်နေတာ။ ဘယ်သူမှလည်း အဲဒီငြိမ်းချမ်းရေး ပွဲတွေကို အယုံအကြည်မရှိဘူး” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုဆွေးနွေးပွဲသည် စစ်အာဏာသိမ်း လေးနှစ်ကျော်အတွင်း စစ်ကောင်စီ ဦးဆောင်၍ ပထမဆုံး ပြုလုပ်လာသော ငြိမ်းချမ်းရေး စကားဝိုင်းဖြစ်သလို တက်ရောက်သူများမှာလည်း ၎င်းတို့နှင့် နီးစပ်သူများသာ ဖြစ်နေသည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ စစ်ကောင်စီ အသိအမှတ်ပြု အလိုတော်ရိများဖြစ်သော နိုင်ငံရေး ပါတီများနှင့် ပတ်သက် နေသူများကလည်း ထိုအရာကို အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချ၍ တက်ရောက်နေခြင်း ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

ပုံစာ-NSPNCကဦးဆောင်၍ပြုလုပ်နေသည့် ငြိမ်းချမ်းရေးစကားဝိုင်းကို တက်ရောက်လာသူများ

#စစ်ခေါင်းဆောင် #စစ်ရှုံး #နေပြည်တော် #ထွက်မပြေးရရေး #ငြိမ်းချမ်းရေးစကားဝိုင်း #ပြုလုပ် #Ayeyarwaddy_Times