ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၅ ရက်

ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ ၊ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး ၊ စွယ် ၃၇ အနီးရှိ ရေမြောင်းသန့်ရှင်းရေးဆင်းလုပ်သည့် ထားဝယ်ဒေသခံ တစ်ဦးအပါဝင် နှစ်ဦးသေဆုံး သွားကြောင်း ယင်းဖြစ်စဥ် မှတ်တမ်းဓာတ်ပုံ များအရသိရသည်။

မတ်လ ၂၄ ရက် ည ၁၁ ၅၀ မိနစ်ခန့်အချိန်တွင် ထိုင်းနိုင်ငံ ၊ ဘန်စူမြို့နယ် ၊ ပါရချူ လမ်းမကြီး၊ စွယ် ၃၇ အနီး ရှိ မြေအောက်လှိုင်ဂူတွင် ရေမြောင်းသန့်ရှင်းရေး ဆင်းလုပ်ရန် အောက်သို့ လှေခါးဖြင့်ဆင်းပြီးနောက် ငါးမိနစ်ခန့်အကြာတွင် လျှပ်စစ် ဝါယာလျှော့ဖြစ်ပြီး ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြေင်း သိရသည်။

သေဆုံးသူ နှစ်ဦး မှာ အသက် ၄၇ နှစ် အရွယ် ဦးမင်းလွင် နှင့် အသက် ၃၅ နှစ်အရွယ် ဦးလင်းနိုင်တို့ ဖြစ်ကြောင်း မိသားစု နှင့် နီးစပ်သူများထံမှသိရသည်။

သေဆုံး သူ နှစ်ဦးအနက် တစ်ဦး မှာ တနင်္သာရီ တိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက် တိုက်နယ် ၊ အုန်းပင်ကွင်း ကျေးရွာ အမှတ် (၄)ရပ်ကွက်တွင်နေထိုင်သည့် ဦးမင်းလွင် အသက် ၄၇ နှစ် ဖြစ်ကြောင်း ဒေသခံများ နှင့် မိသားစုဝင်များထံမှ သိရသည်။

“ဆေးရုံ မှာခွဲစိတ် စစ်ဆေးပြီး အလောင်းကိုတော့ နေထိုင်ရာမြို့နယ် ကိုပြန်ယူလာပြီးပြီ။အခုကစူဖန်ပူရီ မြို့ ၊ ဘုန်းကြီးကျောင်း မှာထားထားတယ်။နာရေး ကိုတော့ကြာသပတေးနေ့မှာ ပြုလုပ်မယ်”ဟု သေဆုံးသူရဲ့ ဇနီးဖြစ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ ဦးမင်းလွင် နှင့် ဇနီးတို့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်မှာ သုံးနှစ်ခန့်သာရှိပြီး ယခုသေဆုံးသည့်နေရာတွင် အလုပ်လုပ်သည်မှာ ၁၁ ရက်ခန့်သာရှိသေးကြောင်း ဇနီးဖြစ်သူကပြောသည်။

” အခု ကျွန်မ အမျိုးသားဆုံးတဲ့နေရာ မှာ လင်မယား နှစ်ယောက်စလုံးအလုပ်လုပ်နေတာ ဆယ့်တစ်ရက်ပဲရှိသေးတယ်။ မကြာသေးဘူး ။အဒေါ် က ယောင်္ကျားကိုပြောထားတယ်။ ငါတို့တွေ အသက်တွေလည်းကြီးနေပြီ။ရွာမှာပဲအေးဆေးပြန်ပြီးသွားနေရအောင်လို့ပေါ့။ဒီ နှစ်ကုန်ပြီးရင် ရွာကို ပြန်မလို့လုပ်ထားတာ။အခုတော့ ကျွန်မကို သူထားသွားခဲ့ပြီ။ ကျွန်မ နဲ့ သမီး တစ်ယောက်ပဲ ကျန်တော့တယ်” ဟု ဇနီးဖြစ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်ကလည်း ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင်အတွင်း ကားလမ်းမပေါ်ရှိ မီးပွိုင့် တစ်ခုတွင် ၁၈ ဘီးတွဲကားနှင့် ဆိုင်ကယ်တိုက်မိပြီး ကံပေါက်ဒေသခံ ညီအစ်ကို နှစ်ဦးသေဆုံးခဲ့သေးသည် ။

ဓာတ်ပုံ ၊ထိုင်းနိုင်ငံတွင် လျှပ်စစ်ဝါယာလျှော့ဖြစ်ပြီး ဓာတ်လိုက်သေဆုံးသူ ကံပေါက်ဒေသခံ ဦးမင်းလွင်
#ထိုင်းနိုင်ငံ#ရေမြောင်းသန့်ရှင်းရေး #ဓာတ်လိုက် #ထားဝယ်ဒေသခံ #တစ်ဦးအပါအဝင် #၂ ဦးသေဆုံး #Ayeyarwaddy_Times