ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာတိုက်ပွဲအတွင်း ဒဏ်ရာများ ရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအေးစိုးကို အရေးပေါ်ဆေးကုသရန် မတ်လ ၂၁ ရက်နေ့က ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

တပ်ကြပ်ကြီးအေးစိုးမှာ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက် တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၅ မှ ဖြစ်ပြီး လေးမျက်နှာသို့ပိုဆောင်ခံရပြီးနောက် သေနတ်ဒဏ်ရာများဖြင့် ၎င်း၏နေအိမ်သို့ မတ်လ ၂၀ ရက်နေ့က ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ဒဏ်ရာမသက်သာ၍ ပုသိမ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

တပ်ကြပ်ကြီးအေးစိုးသည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံကျေးရွာအုပ်စု၊ ကျေးတောငူရွာသားဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ရှေ့တန်းပို့ခံရပြီး လေးမျက်နှာမြို့နယ်တိုက်ပွဲမှာရလာတဲ့ သေနတ်ဒဏ်ရာတွေနဲ့ပြန်လာတယ်။ မသက်သာလို့ ပုသိမ်ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ်သွားရတယ်၊ ဒဏ်ရာတွေကများတယ်၊ သေဖို့ဘက်များတယ်”ဟု ဧရာဝတီတိုင်းမ်၏ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည် မတ် ၁၉ရက်နေ့ကလည်း လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းအုပ်စုနှင့် တုံးတောအထက်စုကြားတွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားပြီး စစ်
ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်ထံက သိရသည်။

ထို့ပြင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် လေးမျက်နှာနှင့် သာပေါင်းတို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ သေဆုံးရုပ်အလောင်းများကို ဖောကားတစ်စီးနှင့် အပြည့်သယ်ဆောင်လာပြီး ဧရာဝတီတိုင်း၊ ကွင်းကောက်၊ ဘွက်ကျေးရွာအုပ်စု ပုသိမ်-မုံရွာလမ်းမကြီးဘေးရှိ အုတ်တွင်းကျေးရွာ၏ မီးသင်္ဂြိုဟ်စက်တွင် မတ် ၁၉ ရက်နေ့ ညနေ သုံးနာရီခန့်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တိုက်ပွဲတွင် ပုသိမ်မြို့ ရွှေမြင်တင် တန်းမြင့်လေ့ကျင့်‌ရေးကျောင်း အမှတ် ၆ ရှိစစ်ကောင်စီတပ်သားများနှင့် အင်္ဂပူမြို့နယ် ကွင်းကောက်‌ဒေသ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၅မှ စစ်ကောင်စီတပ်သားများ အများဆုံးပို့ဆောင်ခံနေရပြီး တိုက်ပွဲအတွင်းသေဆုံးမှု အများအပြာရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

မတ် ၂၁ ရက် နံနက် ခုနှစ်နာရီခန့်တွင်လည်း လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်ကတုတ်တောင်နှင့် တုံးတောအထက်စုနေရာတို့ကို အရက္ခတပ်တော် AAနှင့် ပူးပေါင်း PDFများ ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က နှစ်နာရီတစ်ခါ ဒရုန်းဖြင့်ဗုံကြဲခဲ့ကြောင်း ဒေသခံများကပြောသည်။

#လေးမျက်နှာတိုက်ပွဲ #ဒဏ်ရာရ #ကွင်းကောက် #တတက #အမှတ်၅ #တပ်ကြပ်ကြီးအေးစိုး #ပုသိမ်ဆေးရုံကြီး #အရေးပေါ်ဆေးကုသ #ဒဏ်ရာမသက်သာ
#Ayeyarwaddy_Times