
ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်
အီရန်နိုင်ငံမှ ရေနံတင်သွင်းတဲ့ ပုဂ္ဂလိက တရုတ်ရေနံချက်စက်ရုံတစ်ခုကို အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။
ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ အီရန်နိုင်ငံမှ ရေနံတွေ ဝယ်ယူကာ ချက်လုပ်တဲ့ တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်ရှိ “Teapot” အမည်ရှိ ရေနံချက်စက်ရုံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ကြောင်း အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
“Teapot” ရေနံချက်စက်ရုံဟာ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။
“Teapot” ရေနံချက်စက်ရုံရဲ့ ရေနံဝယ်ယူမှုဟာ အီရန်အစိုးရအတွက် စီးပွားရေး အသက်သွေး ကြောဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆန့်က ပြောပါတယ်။
အီရန်နိုင်ငံရဲ့ အကြမ်းဖက်မှုဝါဒ ငွေကြေးထောက်ပံ့မှုနဲ့ နျူကလီးယားအစီအစဉ် ကြိုးပမ်းမှုကို ထောက်ကူနေတဲ့ ဝင်ငွေရပေါက်တွေကိုဖြတ်တောက်ဖို့ အမေရိကန်နိုင်ငံက ကတိပြုပါတယ်။
မတ်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင် အယာတိုလာခါ မေနီထံ စာတစ်စောင် ပေးပို့ကာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဆွေးနွေးဖို့ ဖိအားပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အီရန်နိုင်ငံအပေါ် စီးပွားရေးဖိအားပေးကာ စေ့စပ် ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်ဖို့ ရည်ရွယ်ပါတယ်။
ကိုးကား – NHK
Ref; US sanctions private Chinese refinery for importing Iranian oil
#Ayeyarwaddy_Times