(ဂန့်ဂေါ)၊ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးကျေးရွာ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆရာဝန်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့၊ မနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ ရှမ်းတဲလေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီးဖြင့် နှမ်းခါးကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာမှာက ဘာမှမရှိဘူး။ အရပ်သားတွေချည်း နေကြတာပါ။ ဒီနေ့မနက် ဆေးပေးခန်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ဆေးခန်းက ဆရာမရယ်၊ ဆေးခန်းလာပြတဲ့အရပ်သားရယ် စုစုပေါင်း ၁၀ ယောက်လောက်က သေဆုံးသွားတယ်” ဟု ဂန့်ဂေါမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမူနှင့် နေအိမ်အပျက်စီးများလည်းရှိသော်လည်း ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်မရရှိသည့်အတွက် အသေးစိတ်မသိရှိရသေးဟု ဆိုသည်။

အလားတူ ယနေ့ မနက် ကိုးနာရီဝန်းကျင်တွင်လည်း စလင်းမြို့နယ်၊ ဂွေးပင်ဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်သဖြင့် လူနေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၀ရက်နေ့ကလည်း ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးအပါအဝင် အရပ်သား လေးဦးသေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီက အရပ်သားပြည်သူများကို ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ယောဒေသရှိပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမူ အနည်းဆုံးဖြစ်စေရန် အဆောက်အဦးများ နှင့် နေအိမ်တိုင်းတွင် ခိုင်ခံ့သည့် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ တူးဖော်ထားကြရန် ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၂၀ရက်နေ့က တိုက်တွန်းထားသည်။

#ဂန့်ဂေါမြို့နယ် #နှမ်းခါးကျေးရွာ #ဆေးပေးခန်း #ဗုံးကြဲတိုက်ခိုက် #ဆရာဝန်တစ်ဦး #၁၀ဦးထက်မနည်း #သေဆုံး #Ayeyarwaddy_Times