ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် သင်္ကြန်(ဆုန်ခရမ် )ပိတ်ရက်ကာလတွင် မြန်မာနိုင်ငံအတွင်းသို့ အလည်ပြန်မည်ပါက သတိထားကြရန်နှင့် အတက်နိုင်ဆုံးအနေဖြင့် အလည် ပြန်ခြင်းမပြုကြရန် ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီပေးနေသူများက သတိပေးပြောဆို ထားကြသည်။

ထိုင်းနိုင်ငံ၊ အလုပ်သမားရေးဝန်ကြီးဌာနက မြန်မာ၊ လာအို နှင့် ကမ္ဘောဒီယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများ အနေ ဖြင့် ဆုန်ခရမ်ကာလ ဧပြီ ၁ ရက်မှ မေ ၁၅ ရက်နေ့အထိ re-entry (ခေါ်) အိမ်ပြန်တံဆိပ်တုံး ထုစရာ မလိုအပ်ပဲ မိခင်နိုင်ငံသို့ ပြန်ခွင့်ပြု ကြောင်း ထုတ်ပြန်ထားသည်။

“ဒီနှစ်ကတော့ အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဥပဒေနဲ့ စစ်သားတွေစုဆောင်းနေသလို မြန်မာပြည် ထဲက လူငယ်လူရွယ် တွေတောင်ပြည်ပထွက်ခွာခွင့်တွေ ပိတ်ထားတယ်။ လက်ရှိထိုင်းထဲက လူငယ်တွေကိုပါ ပြန်ခေါ်ဖို့ကြိုးစားနေတဲ့ အခြေအနေမျိုးမှာ re-entry တုံး အလကား ထုခွင့်ပြုတာက စစ်ကောင်စီရဲ့ ထိုင်းရောက်မြန်မာ တွေကို ဆင်တဲ့ ထောင် ချောက်လို့ပဲ သတ်မှတ်ထားတယ်” ဟု ထိုင်းရောက်မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသည့် M.H.A.C အဖွဲ့တည်ထောင်သူတစ်ဦး ဖြစ်သည့် ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ရသည့်နည်းလမ်းဖြင့် စစ်သားစုဆောင်းခြင်းများကို ပြုလုပ်နေပြီး လူငယ်များ ပြည်ပထွက်ခွာခွင့်များကိုလည်း နေစဉ်နှင့်အမျှ ကန့်သတ်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် သင်္ကြန်ပိတ်ရက်တွင် အလည်ပြန်သူများ အနေဖြင့် ပြန်လည်၍ပြည်ပထွက်ခွာခွင့်များ ခက်ခဲနိုင်ပြီး ပြည်တွင်း စစ်မှုထမ်းဥပဒေဖြင့်လည်း တပ်သားသစ် စုဆောင်းခံရနိုင်ချေ မြင့်မားသည့် အတွက် သတိပြုရန်လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလတွင် အိမ်ပြန်ရန် ယာဉ်လက်မှတ်ဝယ်ယူမှုများလည်း မြင့်တက် နေကြောင်း သိရပြီး ထိုင်းနိုင်ငံ အနေဖြင့်လည်း အိမ်ပြန်တံဆိပ်တုံး အလကား ထုခွင့်ပြုခြင်းမှာလည်း ရံဖန်ရံခါမှသာဖြစ်သည့်အတွက် စစ်ကောင်စီ နှင့် ဆက်စပ်နိုင်ကြောင်း ကိုရဲမင်းက သတိပေးထားသည်။

“ထိုင်းဘက်က အလကားထုခွင့်ပြုတာက နည်းနည်းထူးဆန်းနေတယ်။ နှစ်တိုင်း ပေးတာမဟုတ်ဘူး။ မပေးတာကြာပြီ။ အကြမ်းဖက်စစ်အုပ်စုဘက်နဲ့ ဘယ်လိုတွေ နားလည်မှုယူထားလဲ မသိနိုင်ဘူး။ ပြတ်ပြတ်သားသား ပြောချင်တာက စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းချင်လဲ ပြန်ကြပေါ့။ ပြန်လာရဖို့ မသေချာဘူးဆိုတာ ကိုယ့်ကိုယ်ကို သိထားရင်ပို ကောင်းတယ်” ဟုလည်း ကိုရဲမင်းက ဆက်လက်ပြောသည်။

ထို့ပြင် လက်ရှိတွင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သန်းချီမှာ အလုပ်လုပ်ကိုင်ခွင့်ဗီဇာ သက်တမ်း ကုန်ဆုံးနေပြီး သက် တမ်းတိုးရန် စောင့်ဆိုင်း နေဆဲကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံ ပြန်ပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် အခက်အခဲများကြုံနိုင်ကြောင်းသိရသည်။

စစ်ကောင်စီသည် ယနေ့ မတ် ၂၂ ရက်နေ့တွင်ပင် ထိုင်းသို့ အလုပ်သမားစေလွှတ်မှုများကို တစ်လလျှင် အလုပ်ခေါ်စာတစ်ခုကို အေဂျင်စီတစ်ခုလျှင် အလုပ်သမား ၅၀ ဦးသာ စေလွှတ်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ၎င်းတို့ပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။

ဓာတ်ပုံ – အင်တာနက်

#ထိုင်း #ရွှေ့ပြောင်းအလုပ်သမား #အိမ်ပြန်တံဆိပ်တုံး #အလကားထုခွင့်ပြု #သင်္ကြန်ပိတ်ရက် #စစ်မှုထမ်း #Ayeyarwaddy_Times