ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ပန်းတင်အင်းကျေးရွာတွင် ယနေ့ မတ်၁၇ ရက် နံနက်ပိုင်းကမီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၈ လုံးမီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၀၀ နီးပါးအရေးပေါ်အကူအညီ လိုအပ်လျှက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေတဲ့ဇမ္ဗူ သီရီအဖွဲ့ နှင့် ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့ ၊ပန်းတင်အင်းကျေးရွာ ၊ (၁၂) ရပ်ကွက်တွင် ယနေ့ နံနက် ၁၀ နာရီ ၁၃ မီနစ် ခန့်က မီးစတင်လောင် ကျွမ်း ခဲ့ခြင်းဖြစ်ပြီး အကူအညီတောင်းခံမှုများကြောင့် သွားရောက်ငြှိမ်းသတ်ပေးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

” ကျွန်တော်တို့ကို အကူအညီတောင်းလို့ သွားရောက်ငြှိမ်းသတ်ပေးခဲ့တာပါ။ မီးက ဘယ်ကနေစပြီးလောင်တယ်ဆိုတာမသိရပါဘူး။ မီးစတင်လောင်ရခြင်း အကြောင်းအရင်းကလိုအပ်တဲ့ အချက်အလက်တွေမရရှိဘဲ ပြောဖို့အဆင်မပြေပါဘူး။ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က အတည်ပြုပြီးထုတ်ပြန်လိမ့်မယ်” ဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့- ထားဝယ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်း မီးလောင်ရာနေရာသို့ ရေသယ်ယာဥ် နှစ်စီး ၊အရေးပေါ်လူနာတင်ယာဥ် နှစ် စီး နှင့် ဝန်ထမ်းအင်အား ၁၂ ဦးတို့ဖြင့်သွားရောက်ငြှိမ်းသတ်ကူညီဆောင်ရွက်ခဲ့ရာ နေ့လယ် ၁ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကြောင့် ဒေသခံအမျိုးသမီးသုံး ဦး ဒဏ်ရာအ နည်းငယ်ရရှိကြကာ လိုအပ်သော ပြုစုစောင့်ရှောက်မှုများပေးခဲ့ပြီး အရေးကြီးလူနာတစ်ဦးအား မောင်းမကန်ကျေးရွာ မေတ္တာဆေးခန်းသို့ အရေးပေါ်လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပန်းတင်အင်း (၁၂)ရပ်ကွက်ရှိ လူနေအိမ် ၁၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၀၀ နီးပါး မီးဘေးသင့်၍အရေးပေါ် အကူအညီလိုအပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မီးစလောင်တာက ကျွန်တော်တို့ရပ်ကွက်ထဲက နေအိမ်တစ်လုံးကနေပြီးပဲ့ စလောင်တာပါ။ အခုမီးလောင်တဲ့ ရပ်ကွက်မှာက အခြေခံလူတန်းစားအများဆုံးနေတဲ့ရပ်ကွက်ပါ။ အိမ်တွေက ဓနိမိုး နဲ့ ဝါးထရံကာအိမ်တွေများတယ်။ ပြီးတော့ အိမ်တွေကလည်း တစ်လုံး နဲ့ တစ်လုံး ကပ်နေတယ်လေ။ ဒါကြောင့် အခုလိုမျိုးဖြစ်သွားတာ”ဟု ပန်းတင်အင်းရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် လောင်းလုံးမြို့ ပန်းတင်အင်းကျေးရွာရှိ ဒေသခံအများစုမှာ တံငါလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြကြောင်း သိရသည်။

ဓာတ်ပုံ-ထားဝယ် ဇမ္ဗူသီရိ
#လောင်းလုံးမြို့ #ပန်းတင်အင်းကျေးရွာ #မီးလောင်မှုဖြစ်ပွား #နေအိမ်၁၈လုံး #မီးလောင်ကျွမ်း #လူဦးရေ၁၀၀ #အရေးပေါ်အကူအညီ #လိုအပ် #Ayeyarwaddy_Times