ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူရွာအနောက်ဘက် မရမ်းကျင်းရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်သည့်အတွက် မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်သား ၅ ဦးမှ ရှေ့တန်းမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့ဘက်သို့ ဦးတည်ထွက်ပြေးလာသည့် အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးမှာ ပုသိမ် – သာပေါင်း ကားလမ်းပေါ်ရှိ ကြက်သွန်ကွင်းရွာလမ်းဆုံအရောက်တွင် စစ်ကောင်စီတပ်က ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ထမင်းကျွေး၍ ရှေ့တန်းသို့ ပြန်ပို့ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

“သဲဖြူရွာအနောက်ဘက်က မရမ်းကျင်းရွာဘက်မှာ တိုက်ပွဲတွေဖြစ်တော့ အဲဒီစစ်သား ၅ ယောက်က စစ်မတိုက်ချင်တော့လို့ သေမှာကြောက်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးကြတာ။ ကြက်သွန်ကွင်းရွာလမ်းဆုံ ရောက်တော့ အဲ့မှာရှိနေတဲ့တပ်က သူတို့ကို ပြန်ဖမ်းမိသွားတယ်။ တကယ်ဆို စစ်ဥပဒေအရ ရှေ့တန်းက ထါက်ပြေးတာ အရေးယူရမှာ၊ ဒါပေမယ့် စစ်တပ်မှာ လူမရှိတော့ အဲ့ ၅ ယောက်ကို ထမင်းကျွေးပြီး ခံစစ်ပြင်ထားတဲ့ ခမရ ၃၀၈ တပ်ကို ပို့လိုက်တယ်”ဟု သာ‌ပေါင်းမြို့ရှိ စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သာပေါင်းမြို့နယ်ရှိ သာပေါင်းလေးရွာ၊ ကမွန်းချဉ်ကုန်းနှင့် မရမ်းကျင်းရွာတို့အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့ မတ် ၁၉ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲပြင်း ထန်လာပြီးနောက် စစ်ကောင်စီက လက်နက်ကြီး နှစ်လက်ကို ကမွန်းချဉ်မှ သဲဖြူရွာကို ပြန်သယ်လာပြီး ခံစစ်ပြင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် ရွာအနီးနားရှိ အလုပ်လုပ်ကိုင် နေသူများကိုလည်း ၎င်းတို့ရွာများသို့ ပြန်ခိုင်းနေပြီး ခမရ ၃၀၈ အနီးရှိ ကျေးရွာများမှာလည်း တိုက်ပွဲနီးကပ်လာသဖြင့် စိုးရိမ်ကာ ရွှေ့ပြောင်းရန်ပြင်ဆင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

သာပေါင်းမြို့နယ် ကျွန်းလျားကြီးအုပ်စု၊ သဲဖြူအနီးရှိ ကမွန်းချဉ်ကုန်းနှင့် သစ်ဖြူအုပ်စု သစ်ဝမ်းပူ၊ ကျားခေါင်းတို့ကို ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဒေသခံများ စစ်ရှောင်နေသည့် မရမ်းကျင်းရွာများဘက်သို့ပါ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ဒေသခံများ ထပ်မံစစ်ရှောင်နေရကြောင်း သိရသည်။

ပုံစာ – သာပေါင်းမြို့ဆိုင်းဘုတ်နှင့် စစ်ကောင်စီတပ် ပုံဟောင်းကို အသုံးပြုထားပါသည်။
#ဧရာဝတီတိုင်း #သာပေါင်း #ကမွန်းချဉ်ကုန်း #တိုက်ပွဲပြင်းထန် #ခမရ၃၀၈ #ခံစစ်ပြင်ဆင် #Ayeyarwaddy_Times