ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် လေးမျက်နှာမြို့တွင် စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင် နှစ်ဦးကို ဖမ်းဆီးထားပြီး အဆက်အသွယ်ပြုလုပ်၍ မရတော့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စုကို စစ်ကောင်စီက ပြီးခဲ့သည့် မတ် ၁၅ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အောင်ဇံကွင်းနှင့် ဇီးပင်ကွင်းကျေးရွာမှ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင် နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ ဆက်သွယ်၍ မရသေးကြောင်း သိရသည်။

“လေးမျက်နှာမြို့နယ်အစပ် ပုသိမ်-မုံရွာ လမ်းပိုင်းကရွာတွေမှာ တိုက်ပွဲစဖြစ်လာတယ်။ ရခိုင် တိုင်းရင်းသားတွေဆို AA နဲ့ပတ်သက်လား ပိုစစ်ဆေးတယ်။ မသင်္ကာလို့ အဖမ်းခံရသူတွေ ရှိပါတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်၂ရက်ကလည်း လေးမျက်နှာမြို့ အမှတ် (၁) ရပ်ကွက်ရှိ စတန့်မင်းသား လူငယ်တစ်ဦးကို ဖမ်းဆီးသွားပြီး ထိုးနှက်နှိပ်စက်ကာ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း လေးမျက်နှာမြို့ရှိ အမျိုးသားတစ်ဦးကို စစ်‌ကောင်စီက ဖမ်းဆီးပြီး ရိုးမအတွင်းခေါ်သွားကာ အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များရှိရာနေရာကို လမ်းပြခိုင်းရာ မသိသည့်အတွက် ရိုးမအတွင်းတွင် သတ်ဖြတ်ထားခဲ့သည်။

ယခုရက်ပိုင်း မတ် ၁၇ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ပျဉ်းဝစစ်ဆေးရေး ဂိတ်မှစစ်ကောင်စီ တပ်ဖွဲ့များက ရခိုင်အမျိုးသား သုံး ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လိုသည့် စစ်ဘေးရှောင်များကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးနေပြီး စက်သုံးဆီနှင့် အခြားအခြေခံစားသောက်ကုန်သယ်ယူခွင့်များကို ပိတ်ပင်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#လေးမျက်နှာမြို့ #စစ်ကောင်စီ #ရခိုင် #စစ်ရှောင် #ဖမ်းဆီး #Ayeyarwaddy_Times