ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အရာရှိ စစ်ဗိုလ်နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းအုပ်စုနှင့် တုံးတောအထက်စုကြားတွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့ဝင်များမှာ ယမန်နေ့ မတ် ၁၉ ရက်နေ့တွင် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ အရာရှိ စစ်ဗိုလ်နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်ထံမှ သိရသည်။

“အခုနေ့အခြေနေက PDF တပ်တွေ ရိုးမအစပ်က ဝတ်ကုန်းအုပ်စုရွာတွေကနေ တစ်ဖြေးဖြေး ထိုးစစ်ဆင်တဲ့အပြင် ကျားကိုက်ကွင်းကျေးရွာဘက်ကိုလည်း ထိုးစစ်ဆင်လာတယ်။ စစ်တပ်ဘက်ကလဲ ဆက်လက်ပြီး ကာကွယ်ဖို့ပြင်ဆင်နေကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်ရှိ ယနေ့ မတ်လ ၂၀ ရက်နေ့တွင် နှစ်ဖက် ပစ်ခတ်သံကြားရခြင်းမရှိဘဲ ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုသည်။

ဝတ်ကုန်းအုပ်စု၊ ရခိုင်ရိုးမအစပ်ရှိ လဲခုံလေး၊ ရှားတောစု၊ ကျောင်းကွင်း၊ ဝက်ကုန်းကျေးရွာ၊ လဲခုံကြီး၊ စန်ကုန်း၊ စက်စက်ယိုကျေးရွာမှ ဒေသခံများမှာ အနည်ငယ်သာကျန်ရှိခဲ့ကြပြီး စစ်ဘေးရှောင်နေ ကြရကြောင်း ဒေသခံများထံက သိရသည်။

“ညကတော့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲသေးတယ်၊ ဒီနေ့တော့ငြိမ်နေကြတယ်။ စစ်တပ်ဘက်က အင်အား ၅၀၀ လောက်နဲ့အမြောက်တွေ၊ လက်နက်ကြီးတွေကို စက်စက်ယိုရွာ အထက်ပိုင်းတောင်ကုန်တွေ ပေါ်မှာဆင်ထားတယ်”ဟု စက်စက်ယိုကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောဆိုသည်။

ယင်းနောက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေး ရွာနှင့် စက်စက်ယိုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်း PDFတို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်သို့ အရေးပေါ်ပို့ဆောင်စဥ် လမ်းတွင်ပင် သေဆုံးကုန်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် လေးမျက်နှာနှင့် သာပေါင်းတို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ သေဆုံးရုပ်အလောင်းများကို ဖောကားတစ်စီးနှင့်အပြည့် သယ်ဆောင်လာပြီး ဧရာဝတီတိုင်း၊ ကွင်းကောက်၊ ဘွက်ကျေးရွာအုပ်စု ပုသိမ်-မုံရွာလမ်းမကြီးဘေးရှိ အုတ်တွင်းကျေးရွာ၏ မီးသင်္ဂြိုဟ်စက်တွင် ယမန်နေ့ မတ် ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

#လေးမျက်နှာ #တိုက်ပွဲ #ဒဏ်ရာအပြင်းထန်ရ #စစ်ကောင်စီတပ်အရာရှိ #စစ်ဗိုလ်နှစ်ဦးသေဆုံး #Ayeyarwaddy_Times