
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေသည့် ညောင်ကျိုးကို စစ်ကူတပ်များ ထပ်မံစေလွှတ်နေရပြီး ဥသျှစ်ပင်အတွင်းသို့ ရန်သူ ရောက်လာပါက သေဒဏ်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
ယမန်နေ့ မတ် ၁၈ ရက်နေ့က ညောင်ခြေထောက်ရှိ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) အတွင်းသို့ ဒကစ (ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးဝင်းထွဋ်လာရောက်ပြီး စစ်ကူလွှတ်မည့် တပ်များကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
“စစ်ထွက်မယ့် တပ်ခေါင်းဆောင်ကို ခေါ်ပြီး ပြောတာ။ စစ်ခေါင်းဆောင်က သူ့ကို သစ္စာမဖောက်ရင် ပြီးရော ပြေးပြေး ပြောင်းပြောင်း ခွင့်လွှတ်တယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညောင်ကျိုးရှိ စစ်ကောင်စီစခန်းနှင့် ချင်းကုန်းရှိ စစ်ကောင်စီစခန်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ညောင်ကျိုးတိုက်ပွဲအတွင်း စက်တပ်လေထီးများအပြင် လေကြောင်းမှပါ အပြင်း အထန်တိုက် ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်ကို ဗုံးမှားကြဲချမိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်အများအပြား သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်သားနန်းလင်းသူ အလင်းဝင် ခဲ့သည့် သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။
ထို့အပြင် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ခုမှာ စစ်ကောင်စီက ဗုံးမှားကြဲ၍ ၁၂၀ ခန့်သေသွားပြီး ကျန်သည့် ၈၀ မှာလည်း တိုက်ပွဲအတွင်း သေဆုံးမှု များရှိသလို ထွက်ပြေးသွားကြသူများဖြင့် တပ်ပျက်သွားကြောင်း သိရသည်။
AA နှင့်ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်မှာ ညောင်ကျိုးမှကျော်၍ ညောင်ခြေထောက်သို့ရောက်ရှိကာ ကပစများအတွင်း စစ်ရေးပြင်းထန်လာမည်ကို စိုးရိမ်ပြီး ဥသျှစ်ပင်နှင့် ရန်ကုန်တိုင်းအတွင်းမှ စစ်ကူများခေါ်ယူကာ စစ်ကောင်စီက အင်အားဖြည့်တင်းထားကြောင်း သိရသည်။
မှော်ဘီအခြေစိုက် တပ်ရင်းသုံးခုအပြင် စစ်မှုထမ်းသင်တန်းဆင်း အမှတ်စဉ်(၈) မှ သင်တန်းသား ၆၀၀ ကျော်ခန့်ကိုပါ ကပစ-၆ အတွင်းပို့ထားပြီး ယမန်နေ့မှစ၍ ယင်းအင်အားများကို ထုတ်နုတ်ကာ ညောင်ကျိုးတိုက်ပွဲသို့ ခွဲ၍ပို့ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ညောင်ကျိုးစခန်းကိုထား၍ ဖရိုဖရဲထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့များကို စစ်ကောင်စီတပ် အရာရှိများသည် ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကတည်းက ဥသျှစ်ပင်တွင်စောင့်ဖမ်းကာ ညောင်ကျိုးသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ညောင်ကျိုးစခန်းတိုက်ပွဲမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ဖောကားများ အပြည့်သယ်ဆောင်ကာ ဥသျှစ်ပင်နှင့်ပြည်သို့ ပြန်လည်ပို့ဆောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။
#ပဲခူး #ဥသျှစ်ပင် #AA #ပူးပေါင်းတပ် #ရောက်ရှိလာပါက #သေဒဏ် #စစ်ကောင်စီ #ခြိမ်းခြောက် #Ayeyarwaddy_Times