ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာဆာ (Arakan Rohingya Salvation Army- -ARSA) အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အာတာအူလာ အဘူအာမာဂျူနောနီနှင့် အပေါင်းအပါ ကိုးဦး စုစုပေ့ါင်း ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အထူး မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ Rapid Action Battalion-RAB ၏ အထူးစစ်ဆင်ရေးတစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်ရှိ Narayanganj ခရိုင်တွင် အာတာ အူလာနှင့်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားသည်။

အာတာအူလာနှင့်အတူ မိုစတက်အာမက်၊ ဆလီမူလာ ၊ အက်မက်တူလာ၊ အမ်ဒါဆယ် ၊ မာနူရူဇာမန်နှင့် အမျိုး သမီး သုံးဦး၊ ကလေးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အာတာအူလာနှင့်အဖွဲ့သည် မြို့များအတွင်းစုရုံးကာ လျှို့ဝှက်တွေ့ဆုံမှုများပြုလုပ်ပြီး အဖျက် လုပ်ငန်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ‌Daly Star ကဖော်ပြထားသည်။

ဖမ်းဆီးထားသည့်အဖွဲ့ကို မတ် ၁၈ ရက်နေ့တွင် တရားရုံးတင် တရားစွဲဆိုခဲ့ပြီး အမှုနှစ်ခုအတွက် ရမန် ၁၀ ရက်ပေးခဲ့ကြောင်း သိရသည်။

အာဆာ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းများတွင် လျှို့ဝှက်နေထိုင်ခဲ့ပြီး စခန်းများတွင် လူသတ်မှု၊ လူမှောင်ခိုမှု၊ ပြန်ပေးဆွဲမှုနှင့် ငွေညှစ်မှုအပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါ အာဆာအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နှင့်မောင်တောအစပ်တွင် နေထိုင်ပြီး စစ်ကောင်စီထံမှလက်နက်များကိုရယူကာ ၎င်းတို့နှင့်ပူးပေါင်းကာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို တိုက်ခိုက်လျက်ရှိသည်။

ဖမ်းမိထားသည့် အာဆာ ခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့်အပေါ် တရား စီရင်အရေးယူနိုင်ရန် တရားမျှတမှုယန္တရားများဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက် သင့်ကြောင်း Fortrfy Rights အဖွဲ့က ထုတ်ပြန်ထားသည်။

အာဆာ အဖွဲ့ဝင်များသည် မူဆလင်ဒုက္ခသည်များအား သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ခြိမ်း ခြောက်မှုများစသည့် စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ပြုလုပ်ခဲ့ကြောင်း ယမန်နေ့ မတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် Fprtrfy Rights ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပုံစာ- ဖမ်းဆီးခံရသည့် အာတာအူလာနှင့်အဖွဲ့
#ARSA #ခေါင်းဆောင်အဖွဲ့ #ဘင်္ဂလားဒေ့ရှ် #ဖမ်းမိ #Ayeyarwaddy_Times