ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးကာ တိုက်ပွဲအတွင်းပြန်ပို့နေကြောင်း သိရသည်။

ညောင်ကျိုးပတ်ဝန်းကျင်ရှိ ကာကင်းစခန်းများအားလုံး သိမ်းပိုက်ခံရပြီး တိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဥသျှစ်ပင်လမ်းဆုံတွင် စောင့်ဖမ်းပြီး တိုက်ပွဲပြင်းထန်နေသည့် ချင်းကုန်း နှင့် ညောင်ကျိုးသို့ ပြန်လည်ပို့ဆောင်နေကြောင်း တပ် သတင်းရင်းမြစ်ထံမှ သိရသည်။

“အဲဒီကိစ္စက ဟုတ်တယ်။ တစ်ယောက်ချင်းပြေးတယ်၊ အုပ်စုဖွဲ့ပြီးပြေးကြတယ်။ ဒဏ်ရာရသူလည်း ပြေးတယ်။ မရတဲ့သူလည်း‌ ပြေးတယ်။ စကစတပ်က ဥသျှစ်ပင်လမ်းဆုံကနေ ပြန်ဖမ်းပြီး ပြန်ပို့တယ်”ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ကပစ-၆ နှင့် ညောင်ကျိုး၊ ညောင်ခြေ ထောက်ကျေးရွာများသို့ စစ်မှုထမ်းသင်တန်း ဆင်း အမှတ်စဉ် (၈) မှ အင်အား ၆၀၀ ခန့်ပို့ဆောင်ထားပြီး ထွက်ပြေးလွတ်မြောက်သူများထဲတွင် အမှတ်စဉ် (၈) မှ သင်တန်းဆင်းအများအပြားပါဝင်ကြောင်း တပ်သတင်းရင်းမြစ်မှ အတည်ပြု ပြောသည်။

ညောင်ကျိုးတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ပြီးခဲ့သည့် မတ် ၉ ရက်နေ့မှစတင်ကာ အစုလိုက်ထွက်ပြေးနေကြပြီး ထွက်ပြေးသူများထဲတွင် ဒဏ်ရာရရှိသူ အများအပြားပါဝင်ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

ကျောက်ဖူးချောင်းမှ ဥသျှစ်ပင်ဘက်ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လည် စောင့်ဖမ်းပြီး ဒဏ်ရာရရှိသူများပါမချန် ညောင်ကျိုးနှင့် ချင်းကုန်းပတ်ဝန်းကျင်ရှိ တိုက်ပွဲအတွင်း ပြန်လည်ပို့ ဆောင်နေကြောင်း သိရသည်။

ထို့အပြင် ညောင်ခြေထောက်တွင် လက်နက်ကြီးအထိုင်ချထားသည့်စခန်းမှ လက်နက်ကြီးပစ်ကူနှင့် ကပစ-၆ အတွင်းမှနေ၍ လက်နက်ကြီးပစ်ကူများပါ ပေးနေကြောင်း ဒေသခံများထံမှ သိရပြီး ညောင်ကျိုးပတ်လည်ရှိ ကာကင်းစခန်းအားလုံးနီးပါးကို သိမ်းပိုက်ရယူနိုင်ပြီဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မီဒီယာအချို့ကို အတည်ပြု ပြောဆိုထားသည်။

#ပဲခူးတိုင်း #ပန်းတောင်း #ညောင်ကျိုး #တိုက်ပွဲထွက်ပြေး #စစ်ကောင်စီတပ် #ပြန်လည်ဖမ်းဆီးခံရ #Ayeyarwaddy_Times