(ဖလမ်း)၊ ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုရားကျောင်းအပါအဝင် လူနေအိမ် ခြောက်လုံးထက်မနည်း ပျက်သွားကြောင်း ဒေသခံများထံက သိရသည်။

မြေပြင်တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းမရှိသည့် ဟားခါး-ဖလမ်း ကားလမ်းပေါ်တွင် တည်ရှိသည့် တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ မတ် ၁၆ ရက်နေ့ နံနက် တစ်နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လူကတော့ ထိခိုက်မူမရှိဘူးပေါ့လေ။ ဒါပေမဲ့ ဘုရားကျောင်း၊ လူနေအိမ်တွေက အတော်လေး ပျက်စီးသွားပါတယ်။ ဗုံးဘယ်နှစ်လုံးဆိုတော့ မသိရဘူး။ တပြိုင်နက် အသံတွေထွက်လာတော့ တစ်ရွာလုံးမြေကြီးပါ တုန်သွားပါတယ်။ ရွာမှာကအရပ်သားတွေပဲ နေထိုင်ကြတာပါ။ ဘာမှထူးခြားတာမရှိဘဲ ပုံမှန်အခြေအနေမျိုးမှာ လေကြောင်း တိုက်ခိုက်သွားတာပါ” ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ မတ်လ ၁၄ ရက်နေ့ကလည်း ဖလမ်းမြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် ဖလမ်းမြို့နယ်၊ စီးဇာမွာလ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ် လေးလုံးထက်မနည်းပျက်စီးခဲ့သည်။

ဖလမ်းမြို့တွင် စစ်ကောင်စီတပ် လက်ကျန် ခလရ ၂၆၈ တပ်ရင်းကုန်းအနီးအနားရှိ စစ်ရေးအရအရေးပါသည့် စခန်းကုန်းများကို ပြန်လည်ရရှိရေး မတ်လ ၁၂ ရက်နေ့မှစ၍ ထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာများကိုလေကြောင်းမှ အဆက်မပြတ် နေ့ည ပစ်ကူပေးသည့်အတွက် တိုက်ပွဲအတွင်း နှစ်ဖက်ရဲဘော်များ ကျဆုံးမှူရှိကြောင်း ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်ထံက သိရသည်။

#ဖလမ်းမြို့နယ် #လေကြောင်းဗုံးကြဲတိုက်ခိုက် #ဘုရားကျောင်း #နေအိမ်၆လုံးပျက်စီး #Ayeyarwaddy_Times