ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ မတ် ၁၇ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်တို့ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး နေအိမ်မီးလောင်ကျွမ်းမှုများလည်း ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် မိုးဗြဲတိုက်ပွဲအတွင်း ဒရုန်းများအသုံးပြု၍ ဒေသခံနေအိမ်များပေါ်သို့ မီးလောင်ဗုံး များကြဲချတိုက်ခိုက်ခြင်းများကိုလည်း ပြုလုပ်နေပြီး စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ယမန်နေ့ မေ ၁၆ ရက်နေ့တွင် မိုးဗြဲမြို့မှ နေအိမ် ငါးလုံး ထပ်မံ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“တိုက်ပွဲတော့နေ့တိုင်းဖြစ်နေပါတယ်ဗျ။ မီးကတော့ အဆောက်အဦ အကြွင်းအကျန်တွေ လောင်နေ တာမျိုးတွေတော့ရှိပါတယ်။ မနေ့ညက မြို့ပေါ်ရပ်ကွက်မှာ ညနေပိုင်း အိမ် ၅ လုံး မီးထပ် လောင်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်း နှင့် ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စစ်ဘေးရှောင် သွားသည့် ဒေသခံနေအိမ်များပေါ်သို့ မီးလောင်ဗုံးများ၊ ဒရုန်းများ၊ လက်နက်ကြီး များဖြင့်ပစ်ခတ်မှုများ ပြုလုပ်နေကာ ပြီးခဲ့သည့် မေ ၁ ရက်မှ ၁၅ ရက်အတွင်း နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ရပြီ ဖြစ်ကြောင်း KNDF ထံက သိရသည်။

စစ်ကောင်စီလက်‌ဝေခံ လော်ဘီများကမူ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ပွဲအတွင်း ၎င်းတို့ ဆုတ်ခွာရာလမ်းကြောင်းများရှိ ဒေသခံနေအိမ်များကို မီးရှို့သွားခြင်းသာဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့် ပြောဆိုမှုများရှိသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေးနှင့် မြို့ပြန်လည်ရရှိရေးအတွက် မိုးဗြဲ ခမရ-၄၂၂ တပ်ရင်းတွင် အင်အားဖြည့်အခြေစိုက်ကာ ယမန်နှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လာခြင်းဖြစ်သည်။

ဓာတ်ပုံ – KNDF၊ လူမှုကွန်ရက်
#ကရင်နီ #မိုးဗြဲ #စစ်ကောင်စီ #မီးရှို့ #ဒေသခံနေအိမ် #မီးလောင်ဗုံး #Ayeyarwaddy_Times