
ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ပုံငွေလိုအပ်ချက်အလွန်ကြီးမားမှုကြောင့် လာမည့် ဧပြီလမှစတင်ကာ လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှုရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း WFP က မတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့သို့ WFP ၏ အထောက်အပံ့ရပ်ဆိုင်းမှုကြောင့် စားနပ်ရိက္ခာရရှိရန် WFP ၏ အထောက်အပံ့ကိုသာ အားထားနေရသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းများအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းအပါအဝင် လူဦးရေတစ်သန်းထိခိုက်မည်ဖြစ်ကြောင်းပါဝင်သည်။
လက်ရှိရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာနေထိုင်သူများတွင် မွတ်ဆလင်အသိုင်းအဝိုင်းနှင့် ရခိုင်စစ်ပွဲကြောင့်တိမ်းရှောင်နေရသူ ရခိုင်စစ်ဘေးရှောင်များရှိပြီး နေ့စဉ်စားဝတ်နေရေးအတွက် WFP ၏ ထောက်ပံ့မှုကိုအားထားနေရကာ ယခုကဲ့သို့ဖြတ်တောက်လိုက်မှုကြောင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် အလွန်ပင်ရိုက်ခတ်သွားနိုင်ကြောင်း ရခိုင်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
” တစ်နိုင်ငံလုံးစစ်ဖြစ်နေချိန် ရခိုင်တစ်ပြည်လုံးစစ်ဖြစ်နေချိန်မှာ အလုပ်အကိုင်ကအခွင့်အလမ်းက တစ်ဆယ်မှာတစ်ယောက် ပဲရှိပါတယ်။ သူတို့နေ့စဉ်အားထားနေရတဲ့ စားနပ်ရိက္ခာထောက်ပံ့မှု အကူအညီရပ်တန့် ခံလိုက်ရမယ်ဆိုရင် ဒီနေရပ် စွန့်ခွာနေရတဲ့လူတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ ငတ်မွတ်ခေါင်းပါးမှုက ဒီထပ်မကပိုပြီးတော့ မြင့်တက်နိုင်တဲ့အခြေအနေရှိပါတယ် ” ဟု ရခိုင်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ပုံငွေအသစ်မရရှိချိန်တွင် ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြသည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်ကြောင်းပါဝင်သည်။
“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အား ထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွား ရိုက်ခတ်နိုင်ပါတယ် ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ဆိုထားသည်။
နိုင်ငံအတွင်းတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့် အချိန်မှာမှ ယခုကဲ့သို့ အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်သည်။
ယခုနှစ်တွင် မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဓာတ်ပုံ – NGO
#WFP #စားနပ်ရိက္ခာထောက်ပံ့မှုရပ်ဆိုင်း #ရခိုင်ပြည်နယ်အလယ်ပိုင်း #လူဦးရေတစ်သိန်း #Ayeyarwaddy_Times