
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
စစ်ဝါဒီနှင့် ဖိုဝါဒီတို့ ကြီးစိုးလွှမ်းမိုးနေမှုများ ရေရှည်မဖြစ်အောင် ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းရန် လိုအပ်နေပြီး ထိုအတွက် အမျိုးသမီးများသာမက ဦးဆောင်သူ အမျိုးသားများတွင်လည်း အဓိကတာဝန်ရှိကြောင်း စစ်ရေးလှုပ်ရှားသူနှင့် နိုင်ငံရေး သုတေသီတို့က ထောက်ပြပြောဆိုသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ မတ် ၁၅ ရက်က ပြုလုပ်သည့် “Gender ရေးရာနဲ့ အမျိုးသမီးလှုပ်ရှားမှုအပေါ် သူတို့အမြင်” အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲတွင် စစ်ရေးလှုပ်ရှားသူနှင့် နိုင်ငံရေး သုတေသီတို့က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စနစ်အရ လူငယ်များသည် စစ်ဝါဒီမှ ရုန်းထွက်နိုင်သော အခြေအနေမရှိသေးသလို လက်ရှိနိုင်ငံရေးသမားများက စစ်တိုက်ရန်နှင့် စစ်သင်တန်း တက်ရောက်ထားခြင်းမရှိသော်လည်း ယူနီဖောင်းများ တကားကားဖြင့် ရှိနေ၍ စစ်ဝါဒီ ဖြစ်နိုင်မှုများကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။
“ရေရှည်မှာ ဒီဟာတွေ အားမကောင်းဖို့ဆိုရင် အခုကတည်းကနေ ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းဖို့လိုတယ်။ အမျိုးသမီးအဖွဲ့တွေမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ တကယ်လုပ်နေတဲ့ မြေပြင်မှာ ရှိတဲ့သူတွေပေါ့လေ။ ဦးဆောင်နေတဲ့ ယောင်္ကျားသားတွေမှာလည်း အဓိကတာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုအွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲတွင် BWU တွဲဘက်အထွေထွေအတွင်းရေးမှူး -၁ မဝေဝေက Moderator အဖြစ် ဆောင်ရွက်၍ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခ၊ နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် သုတေသီများဖြစ်သော ဒေါက်တာစိုင်းကြည်ဇင်စိုး၊ စီရယ်လိုတို့ ပါဝင်ဆွေးနွေးခဲ့သည်။
အလားတူ ဖိုဝါဒဟု ပြောဆိုလျှင် Gender identity (လိင်ဝိသေသန) ဆိုခြင်းကို လူမှုအသိုင်းအဝိုင်းမှ ဖန်တီးတည်ဆောက် ယူထားသော ပါဝါပြဋ္ဌာန်းမှု၊ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းမှု တစ်ခုဖြစ်သည်ဟု နားလည်မိကြောင်း နိုင်ငံရေး သုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးက အဆိုပါဆွေးနွေးပွဲတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
“ဖိုဝါဒကြီးစိုးနေတဲ့ လွှမ်းမိုးမှုနဲ့ စဉ်းစားတွေးခေါ်မှု ရှိတယ်ဆိုတဲ့ဟာက ယောင်္ကျားတွေချည်းမှာပဲ ဖိုဝါဒ ရှင်သန်နေတာတော့ မဟုတ်ဘူး။ တခြား Gender တွေမှာလည်း ဖိုဝါဒ ရှင်သန်မှုတွေ တွေ့ရနိုင်တယ်။ အဲဟာကလည်း အပြန်အလှန် စဉ်းစားရမယ့်ဟာပေါ့” ဟု ါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။
#စစ်ဝါဒီ #ဖိုဝါဒီ ကြီးစိုးမှု #ထိန်းကျောင်းရန် #အမျိုးသမီးများ #အမျိုးသားများ #အဓိကတာဝန် #Ayeyarwaddy_Times