
(ပလက်ဝ)၊ ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ပလက်ဝမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်စခန်းတွင် ပညာသင်ကြားပေးနေသည့် ကျောင်းဆရာ၊ ဆရာမများကို အာရက္ခတပ်တော် AA က ၎င်းတို့လက်အောက်တွင် ပညာသင်ကြားရန် စာပေးပို့ ဖိတ်ခေါ်ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများထံက စုံစမ်းသိရှိရသည်။
AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် ယခုနှစ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများကို မတ်လ ၃ ရက်နေ့မှစ၍ AA က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ပလက်ဝမြို့မှာက ဆရာ၊ဆရာမတွေက မရှိတော့ဘူး။ တခြားဒေသတွေမှာ ပြောင်းရွှေ့ထွက်ပြေးကုန်ကြတယ်။ အများစုက မီဇိုရမ်နဲ့ ရန်ကုန်၊ ဟားခါးဘက်မှာပေါ့။ အဲဒါကြောင့် ပလက်ဝမြို့မှာ ကျောင်းလည်းမဖွင့်နိုင်တော့ဘူး” ဟု လောက်တလိုင်ခရိုင်ရှိ ပလက်ဝစစ်ဘေးရှောင်စခန်းတစ်ခုမှ ကျောင်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပညာရေးဦးဆောင်ကော်မတီမှ ဦးဆောင်၍ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်ကို လာမည့် ဇွန်လတွင် ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးသွားမည်ဖြစ်သည်။
“ကျွန်တော်တို့ မီဇိုရမ်မှာလည်း ပလက်ဝကောင်စီ PC၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကြားကာလပြည်သူ့အခြေပြုစာသင်ကျောင်းနဲ့ NUG တို့ ဖွင့်ထားတဲ့ကျောင်းတွေရှိတယ်။ ဒီဘက်မှာလည်း ကျောင်းဆရာ၊မတွေ မလုံလောက်ဘူး။ ဒီဘက်လည်း စာသင်ပေးနေတာပဲ။ အမှန်တိုင်းပြောရရင် AA လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ ဒီဘက်မှာ ထွက်ပြေးလာတာပါ” ဟု အလယ်တန်းပြ CDM ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ခူမီးချင်းတိုင်းရင်းသားဘာသာစကားနှင့် သင်ကြားပို့ချနိုင်သည့် ဆရာ၊ဆရာမများကို အဓိကထား ခေါ်ယူနေခြင်းဖြစ်ပြီး လစဥ်ထောက်ပံ့ကြေးငွေ လေးသိန်းမှ ငါးသိန်း ပေးမည်ဟု သိရှိရသည်။
“ခူမီးလို သင်ပေးနိုင်တဲ့ ကျောင်းဆရာ၊ဆရာမတွေကို အဓိက ခေါ်ယူတာပါ။ မီဇိုရမ်ဘက်က အထက်တန်းပြ ဆရာမငါးယောက်လောက် မဖြစ်မနေ စေလွှတ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ သူတို့ကို လစာပေးမယ်ပေါ့။ လောလောဆယ်တော့ သွားမယ်သူတွေလည်း မရှိသေးဘူး” ဟု ဆိုက်ဟားခရိုင်ရှိ ပလက်ဝစစ်ဘေးရှောင်စခန်းတစ်ခုမှ ကျောင်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့နယ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်သော်လည်း ကျောင်းသားအများစုသည် မီဇိုရမ်ပြည်နယ်၊ CDF ထိန်းချုပ်နယ်မြေနှင့် အခြားဒေသများတွင် စာသင်ကြားရန် ရောက်ရှိနေကြောင်း ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝကောင်စီ PC၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကြားကာလ ပြည်သူ့အခြေပြုကျောင်းများတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း ကြားကာလ ပြည်သူ့အခြေပြု ကျောင်းပေါင်း ၁၁၉ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၈၁၄၇ ဦးရှိကာ ဆရာ၊ ဆရာမ ၅၄၇ ဦးက ပညာသင်ကြားပေးနေကြောင်း သိရှိရသည်။
#မီဇိုရမ်ပြည်နယ် #ပလက်ဝ #စစ်ဘေးရှောင်စခန်း #ကျောင်းဆရာ #ဆရာမများ #AAဖိတ်ခေါ် #Ayeyarwaddy_Times