ဧရာဝတီတိုင်းမ်
(စစ်ကိုင်း)၊ မတ် ၁၅ ရက်

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ကာလမှစတင်ကာ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ လေးနှစ်တာကာလအတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း Data for Myanmar ၏ အစီရင်ခံစာအရ သိရသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် အရပ်သားသေဆုံးမှုများတွင် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းများ အပြင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီတပ်ဖွဲ့မဟုတ်သည့် အရပ်သားသတ်ဖြတ်ခြင်းများကို ပါထည့်သွင်းထားကြောင်း သိရသည်။

အရပ်သား သေဆုံးမှုများတွင် အဓိကအားဖြင့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ၂၈၆၄ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းများကြောင့် ၁၂၇၁ ဦး သေဆုံးကာ နှစ်ဖက်တိုက်ပွဲများ၊ ရာဇဝတ်ဂိုဏ်း အချင်းချင်းသတ်ဖြတ်ခြင်း နှင့် ကျူးလွန်သူကိုအတည်ပြုနိုင်ခြင်း မရှိသည့် သေဆုံးသူပေါင်း ၉၂၈ ဦး ရှိကြောင်းလည်း သိရသည်။

“လူမဆန်တဲ့လူတွေမှာ လူစိတ်ကင်းမဲ့နေတဲ့အတွက် လူတွေကိုမြင်ရင်သတ်ချင်ဖြတ်ချင်နေကြတာ။ အဲဒီအတွက် သူတို့နဲ့မတွေ့အောင် ရှောင်နေနိုင်ဖို့က အရေးကြီးဆုံးပါ။ အသတ်ခံရပီးသွားရင် ဘာဆင်ခြေတွေပဲပေးပေး အသက်ကတော့ပြန်ရှင်လာမှာမဟုတ်တဲ့အတွက် ဆင်ခြေတွေပေးစရာ မလိုအောင် လုပ်နိုင်ဖို့လိုပါတယ်” ဟု စစ်ကိုင်းတိုင်းအတွင်း အရပ်သား သတ်ဖြတ်ခံရခြင်းများနှင့် ပါတ်သတ်ပြီး ကိုနွေဦး(မြောင်)CDSOM က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် အရပ်သား သေဆုံးမှုဖြစ်စဉ်အများဆုံးမှာ ရွှေဘိုခရိုင်မှ ဖြစ်ပြီး မြို့နယ်အတွင်းတွင်မူ ကန့်ဘလူမြို့နယ်မှ သေဆုံးမှုအများဆုံးဖြစ်ကြောင်း Data for Myanmar အစီရင်ခံစာအရ သိရသည်။

သေဆုံးသူ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး အများစုမှာ လက်နက်ကိုင်အဖွဲ့အစည်းများ သတ်ဖြတ်မှုကြောင့်ဖြစ်ကာ ၂၉၉၃ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ အမျိုးသမီး သေဆုံးမှုပေါင်းမှာ ၉၁၂ ဦးထိရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် ၅၂၇ ဦးအထိ သေဆုံးခဲ့ရကြောင်း Data for Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုဖြစ်စဉ်များတွင် အရပ်သား သေဆုံးမှုဖြစ်စဉ်အများစုမှာ အရပ်သားပြည်သူကို ပစ်မှတ် ထားသတ်ဖြတ်မှုများကြောင့်ဖြစ်ပြီး သေဆုံးမှု၏ ၇၃ ရာခိုင်နှုန်းအထိ ရှိကာ ကျန်သည့် သေဆုံးမှုများမှာ လက်နက်ကြီး၊ လေကြောင်း၊ မိုင်း စသည့် တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း သေဆုံးမှုဖြစ်စဉ်များတွင် အရပ်သားနှင့် လက်နက်ကိုင် ခွဲခြားခြင်းမရှိတော့ဘဲ လက်လွတ်စပယ် တိုက်ခိုက်ခြင်းများလည်း ပါဝင်နေသည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွား လာပါက ဘေးကင်းလုံခြုံရေးကြိုတင်ပြင်ဆင်ရန်၊ စစ်ဘေးရှောင်ပြီး နေရပ်ပြန်ပါက လုံခြုံမှုရှိသည့် အခါမှ ‌‌ပြန်လာရန်၊ လေကြောင်း၊ လက်နက်ကြီး ဘေးကင်းလုံခြုံရေး အစီအမံများကြိုတင်ပြင်ဆင်ရန် စသည်တို့ကို Data for Myanmar က သတိပေးအကြံပြုထားသည်။

ဓာတ်ပုံ – အင်တာနက်

ပုံစာ- ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခဲ့သဖြင့် သေဆုံးခဲ့သူတချို့၏ ရုပ်အ လောင်းများသင်္ဂြိုဟ်နေမှုနှင့် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့မှု ၊ အစုလိုက်အပြုံလိုက်ဖြတ်ခဲ့မှုများလုပ်ဆောင်ပြီးနောက်တွေ့မြင်ရစဉ်
#စစ်ကိုင်း #အရပ်သားသေဆုံး #အကြမ်းဖက်ဖြစ်စဉ် #စစ်ကောင်စီ #တော်လှန်ရေးအင်အားစု #Ayeyarwaddy_Times