
ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းအပေါ် သြဇာလွှမ်းမိုးမှုနဲ့ စိမ့်ဝင်ထိုးဖောက်မှု တိုးမြှင့်လာခဲ့လို့ တန်ပြန်အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြောပါတယ်။
တရုတ်ရဲ့ အချုပ်အခြာအာဏာ တောင်းဆိုချက်တွေကို လက်ခံနိုင်ရေး ထိုင်ဝမ်ကို ဖိအားပေးဖို့ တရုတ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း စစ်ရေးလေ့ကျင့်မှုတွေ၊ ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှု တွေ အရှိန်မြှင့်လာခဲ့တယ်လို့ ထိုင်ဝမ်က စွပ်စွဲလိုက်ပါတယ်။
“တရုတ်နိုင်ငံဟာ ထိုင်ဝမ်ပြည်သူတွေကြား သွေးခွဲမှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ အဖျက်လုပ်ရပ်တွေ လုပ်ဆောင်နေပါတယ်” လို့ လိုင်ချင်တေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းဖြစ်တာ သို့မဟုတ် ထိုင်ဝမ်ကို တရုတ်ပြည်မကြီး နဲ့ ပြန်လည်ပေါင်းစည်းမယ်ဆိုတဲ့အချက်က အပြောင်းအလဲမရှိဘူးလို့ လိုင်ချင်တေးရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က တုံ့ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း လူ ၆၄ ဉီးကို တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်ခဲ့ရာ ၂၀၂၁ ခုနှစ်က တရားစွဲဆိုခံရသူတွေထက် သုံးဆ ပိုများလာခဲ့ပြီး အများစုဟာ စစ်ဘက်အရာရှိဟောင်းတွေလို့ ထိုင်ဝမ်က ပြောပါတယ်။
ထိုင်ဝမ်အစိုးရက ထိုင်ဝမ်ကျွန်းသို့ ငွေကြေး၊ လူပုဂ္ဂိုလ်နဲ့ နည်းပညာစီးဝင်မှုတွေကို လိုအပ်သလို ညှိမယ်လို့ သိရပါတယ်။
ထိုင်ဝမ်မှ လူသိများသူအချို့က ထိုင်ဝမ်ဟာ တရုတ်ပြည်မရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောဆိုမှုတွေ ကို တရုတ်မီဒီယာတွေမှာ ဖော်ပြပြီးနောက် ထိုင်ဝမ်ပြည်သူတွေရဲ့ တရုတ်ကို အသိအမှတ်ပြုမှုပဲဖြစ် တယ်လို့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက ဒီသတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ သူ့ပိုင်နက်နယ်မြေဖြစ်ပြီး လိုအပ်ပါက အင်အားသုံး ထိန်းချုပ်မယ်လို့ တရုတ်နိုင်ငံ က ပြောပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်ရဲ့ အချုပ်အခြာအာဏာ တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ထိုင်ဝမ်ပြည်သူ တွေက ၎င်းတို့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
ကိုးကား – Reuters
Ref; Taiwan president warns of China’s ‘infiltration’ effort, vows countermeasures
#Ayeyarwaddy_Times