
စစ်ကောင်စီက CDM ပညာရေးဝန်ထမ်း ၃၀၀၀ ကျော် Non CDM ပြန်ဝင်သည်ဟုဆိုသော်လည်း ဧရာဝတီတိုင်းက ကျောင်းများတွင် ပြင်ပမှ ဆရာမများ ငှားရမ်းသင်ကြားနေရ
ညိမ်းသော် / ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ သြဂုတ်လ ၂၃ ရက်
CDM ပညာရေးဝန်ထမ်း ၃၀၀၀ ကျော် Non CDM ပြန်ဝင်လာသည်ဟု သြဂုတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း ဧရာဝတီတိုင်းအတွင်းက စာသင်ကျောင်းအချို့တွင် ပြင်ပမှ ဆရာ၊ဆရာမများ ငှားရမ်းသင်ကြားနေရကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ၂၆ မြို့နယ်အနက် ပုသိမ်၊ မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်၊ လပွတ္တာ၊ ငပုတောမြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် ကျောင်းဆရာ၊ဆရာမ အင်အားမလုံလောက်ခြင်းကြောင့် ပြင်ပမှ ငှားရမ်းသင်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ပြင်ပက ဆရာ / ဆရာမတွေကိုငှားပြီးသင်တယ် ကျောင်းပြာတာလည်းလုပ်ရတယ် လိုအပ်ရင်လည်းစာပါဝင်သင်ခိုင်းတယ် Non CDM လုပ်တဲ့ဆရာ / ဆရာမတွေတော့ စာပြန်သင်ရမယ်မကြားသေးဘူး ခုချိန်ထိ့တော့ ပြင်ပက ဆရာ / ဆရာမတွေကိုပဲငှားပြီးသင်နေတုန်းပဲ ဆရာ / ဆရာမ လိုရင် လိုက်ခေါ်တယ်လေ ရပ်ကွတ်ထဲမှာ ပညာအရည်အချင်းကတော့
သူတို့သဘောနဲ့သူတို့ ကိုက်ရင်ခေါ်တာပဲ”ဟု ပုသိမ်မြို့ခံ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သင်ကြားရေး ဆရာ၊ဆရာမ မလုံလောက်သည့် စာသင်ကြောင်းများအနေဖြင့် ရုံးလုပ်သားဟုခေါ်ဆိုသော်လည်း လိုအပ်ချိိန်များတွင် မူလတန်းများဖြစ်သည့် ဒုတိယတန်းမှ စတုတ္ထတန်းအထိ စာသင်ချိန်များတွင် ဝင်ရောက်သင်ကြားနေရကြောင်း သိရသည်။
“လစာကတော့ ဆရာ၊ ဆရာမတွေလိုဘယ်ရမလဲ ၈ဝဝ ဝဝသောင်း ၈၅ဝဝဝ ခွဲရတယ်။အထွေထွေလည်းလုပ်ရတယ်။ စာလည်းသင်ရတယ်လေ နောက်မှ စာမေးပွဲတွေဖြေ ဝင်ခွင့်တွေဖြေပြီးမှ ဆရာ၊ ဆရာမတွေလို Permanent (အမြဲတမ်း) ဖြစ်မှာ Non CDM ဆရာမတွေတော့ ဧရာဝတီတိုင်းကစာသင်ကျောင်းတွေမှာ စာပြန်သင်ရမယ် မကြားသေးဘူး “ဟု
မအူပင်မြို့ခံ ပြင်ပကျောင်းဆရာတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ပြင်ပမှ ဆရာ၊ဆရာမများ ငှားရမ်းနိုင်ရန်အတွက် ကျောင်းသားမိဘများက လစဥ် ကျောင်းလခပေးဆောင်ရေရကြောင်း လပွတ်တာနှင့် ငပုတောမြို့ခံများထံမှ သိရသည်။
ပုံ – မအူပင်မြို့မှ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတစ်ခုအားမြင်တွေ့ရစဥ်။
#စစ်ကောင်စီ #ပညာရေးဝန်ထမ်း #CDM #NonCDM #ဧရာဝတီ
#Ayeyarwaddy_Times