ဧရာဝတီတိုင်းမ်
မတ် ၁၂ရက်

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီ ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

KIA အနေဖြင့် ပြီးခဲ့သည့် မတ် ၈ရက်နေ့မှစတင်ကာ ထိုးစစ်အရှိန်မြှင့်ပြီး စကခ -၂၁ ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

“ဒီရက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်။ အနီးကပ်တိုက်ပွဲပုံစံမျိုးပြန်ဖြစ်လာပြီ။ အတွင်းပိုင်းထဲ ရောက်ဖို့ သိပ်မလိုတော့ဘူးလို့ သိထားတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း ဗုံးကြဲချနေသည့် စစ်ကောင်စီ၏ ဒရုန်းများကို KIA က ပစ်ချနိုင်ခဲ့ပြီး ထိုသို့ ပစ်ချဖျက်ဆီးနိုင်ခဲ့သည့် ဒရုန်း ခုနစ် စင်းရှိကြောင်း ကချင်သတင်းရင်းမြစ်က အသိပေးထားသည်။

“ဒရုန်း ကိုး စင်းအထိ ပစ်ချခံထားရပါတယ်။ ဒရုန်းတွေအလုပ်မဖြစ်တော့ပါဘူး” ဟု စစ်တပ် ထောက်ခံသူများက တယ်လီဂရမ်တွင် ရေးသားမျှဝေထားသည်။

KIA သည် စကခ ၂၁ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး ခလရ ၄၇နှင့် ဗန်းမော်တက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်တို့ကို ပိတ်ဆို့ထားကြောင်း ‌သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ကစတင်ခဲ့သည့် ဗန်းမော်တိုက်ပွဲသည် သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ KIA အနေဖြင့် စစ်ကောင်စီ၏ အမြောက်တပ်၊ သံချပ်ကာတပ်နှင့် ဗန်းမော်လေယာဉ်ကွင်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဗန်းမော်၌ စစ်ကောင်စီတပ်ရင်း စခန်းပေါင်း ၂၀ ကျော်ရှိပြီး လေကြောင်းနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခုခံနေသည့်အပြင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲမှာ ကြာမြင့်နေခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်သည်။

ပုံစာ-စစ်ကောင်စီတပ်မှ ဒရုန်း တစ်စင်းအားတွေ့ရစဉ် (ပုံဟောင်း)

#ဗန်းမော် #စစ်ကောင်စီ #KIA #တိုက်ပွဲပြင်းထန် #ဒရုန်း၇စီး #ပစ်ချခံရ #Ayeyarwaddy_Times