
ဧရာဝတီတိုင်းမ်
မတ် ၁၂ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ စခန်းအချို့ကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ယခုမတ်လ ဒုတိယပတ်အတွင်းတွင် နတ်ရေကန်အနီး လင်းတဲရွာတွင်ရှိသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး လင်းတဲကို AAက ထိန်းချုပ်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“စစ်တပ်ကနတ်ရေကန်နားက ရွာတွေမှာပါ တပ်စွဲပြီး AAကို ပြန်တိုက်နေတာရှိပါတယ်။ လတ်တ လောတော့ စစ်တပ်က စွန်တက်အထိ ထိန်းချုပ်မှုရယူထားတယ်။ ရိက္ခာနဲ့ လူအင်အား ပို့နေတယ် ဆိုကတည်းက လမ်းပိုင်း စိုးမိုးမှုယူထားနိုင်တဲ့သဘောပေါ့” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
AA ၏ ထိုးစစ်မှာ ယခုရက်ပိုင်းတွင် ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ၏ စခန်းငယ်အချို့ကိုပါ သိမ်းပိုက် ထိန်းချုပ်လာကြောင်း သိရသည်။
စစ်ကောင်စီသည် နတ်ရေကန်စခန်းနှင့် ကမ္ဘာလုံးစခန်းတို့တွင် အင်အားရာနှင့်ချီဖြည့်တင်းထားပြီး လက်နက်၊ ခဲယမ်းများကိုပါ စစ်ယာဉ်တန်းများနှင့်ပို့ဆောင်နေကြောင်း မကွေးလမ်းပိုင်းရှိဒေသခံများ ထံမှ သိရသည်။
ထို့ပြင်ပြီးခဲ့သည့် မတ် ၅ရက်မှ စတင်ကာ နတ်ရေကန်နှင့် အနီးနားရှိ စစ်ကောင်စီစခန်းများကို မကွေးဘက်မှ စစ်အင်အား ၃၀၀ ကျော်ကို စစ်သုံးကားကြီး ၁၀ စီးဖြင့် အင်အားဖြည့်ပို့ဆောင်ထားကာ လက်နက်၊ခဲယမ်းနှင့် ရိက္ခာများကို လုံခြုံရေးကားတန်းများဖြင့် နတ်ရေကန်ဗျူဟာသို့ ပို့ဆောင်နေပြီး ကျန်သည့်စစ်ကောင်စီ အဖွဲ့ငယ်များကို နတ်ရေကန်မှတစ်ဆင့် ရိက္ခာခွဲဝေပေးနေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#နတ်ရေကန် #ငဖဲ #စစ်ကောင်စီ #စခန်းငယ် #AA #ထိန်းချုပ် #Ayeyarwaddy_Times