ဧရာဝတီတိုင်းမ်
(သံတောင်ကြီး)၊ ‌မတ် ၉ ရက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ‌သပြေညွန့်ကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ သပြေညွန့်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စခန်းသိမ်း ယမန်နေ့ မတ် ၈ ရက်နေ့က စခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် နှင့် ပဲခူးတိုင်း ကြားရှိ စစ်ကောင်စီ ခလရ-၇၃ တပ်ရင်း လက်အောက်ခံ အင်အား ၅၀ ဝန်းကျင်ရှိ သပြေညွန့်စခန်းကို စခန်းသိမ်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်း ဝန်းကျင် နှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း အထူးကွန်မန်ဒို တပ်ရင်း(P29914) ထံက သိရသည်။

“စခန်းကတော့ခြေကုပ်စခန်းတစ်ခုပါပဲ။ အင်အားကတော့ ၅၀ ဝန်းကျင်လောက်အမြဲတမ်းအထိုင်ရှိတဲ့ တပ်စခန်းတစ်ခုပေါ့နော်။ လက်ရှိတော့ မီးရှို့ဖျက်ဆီးထားပြီး ‌အဲ့ဒီဝန်းကျင်မှာလည်း ကျွန်တော်တို့ စိုးမိုး သိမ်းပိုက်ထားတဲ့အခင်းအကျင်းပါ။အလောင်းကတော့ ၁၀ လောင်းလောက်ရရှိတယ်” ဟု အထူး ကွန်မန်ဒိုတပ်ရင်း(P29914) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များ နှင့် ဆက်စပ်ပစ္စည်း အများ အပြားကို သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်မှာလည်း ထွက်ပြေး လွတ်မြောက် သွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ၎င်းတို့ကို လိုက်လံရှင်းလင်းနေသည့် အနေအထားတွင်ရှိကြောင်းသိရသည်။

သပြေညွန့်စခန်း သိမ်းပိုက်ခံရပြီး‌နောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲဖြစ် ပွားနေသည့်ကာလအတွင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အနီးပတ်ဝန်း ကျင်မှ ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဒေသခံသေဆုံးမှုများ ရှိခဲ့ကြောင်း လည်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို PDFအထူးကွန်မန်ဒိုတပ်ရင်း (P29914)၊ KNLA တပ်မဟာ-၂၊ ၃ တို့အပြင် PDF တပ်ရင်း-၃၅၀၂၊ အာဠာဝကစစ်ကြောင်း၊ ဧရာဝတီ ၊ ဖြူး၊ ရန်ကုန်၊ အုတ်တွင်း(ပကဖ)အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း(P29914)
#သပြေညွန့်စခန်း #စစ်ကောင်စီ #ခလရ၇၃ #စခန်းသိမ်းပိုက် #စစ်ကောင်စီသေဆုံး #Ayeyarwaddy_Times