ဧရာဝတီတိုင်းမ်
မတ် ၉ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက အင်အားရာချီသုံး၍ စစ်ကြောင်းထိုးနေပြီး နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် အင်အား ၂၀၀ ခန့်သုံး၍ စလင်းအနောက်ဘက်ခြမ်း ကံပြားနှင့် ကန်ဇွန်းမကြားကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ကြောင်းထိုးလာတဲ့အပြင် လေကြောင်းကပါတိုက်ခိုက်နေပါတယ်။ တညောင်အထိ စစ်ကြောင်း ဝင်လာဖို့ သေချာနေပါပြီ။ စစ်ရှောင်ကြဖို့တိုက်တွန်းပါတယ်” ဟု မကွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် မတ် ၇ရက်နေ့က ပဒါန်းဘက်မှနေ၍ သံပြားကာ မော်တော်ယာဉ် သုံး စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် နှစ်စီး၊ sino truck နှစ်စီးပါယာဉ်တန်းမှာ စလင်းကို ဝင်ရောက် တပ်ဖြန့်လိုက်ကြောင်း သိရသည်။

ထို့အပြင် စလင်းအခြေစိုက် ခမရ ၂၅၃၊ ခမရ၂၅၄၊ ခမရ ၂၅၅ တပ်ရင်းများမှ အင်အား ၂၀၀ ခန့်သုံး၍ စလင်းမြို့နယ်အတွင်း စစ်‌ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ချောင်းဖြူ၊ သရက်ချဉ်၊ စည်ဆွဲ၊ ကံဆွယ်၊ မကျည်းစင် စသည့်ရွာများအပါအဝင် ကျေးရွာ ၁၀ရွာကျော်မှ ဒေသခံ ၅၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရသည်။

ယနေ့ မတ် ၉ရက် နေ့လယ် ၁နာရီဝန်းကျင်အချိန်ခန့်က ဆင်ဖြူကျွန်း- တညောင်လမ်းပေါ်ရှိ ကျပင်းရွာ ကို စစ်ကောင်စီက MI 35 ဖြင့် လေကြောင်းမှ ၁၀ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ငဖဲမြို့နယ် နတ်ရေကန် ပတ်လည်သို့လည်း နေ့စဉ် လက်နက်နှင့် ရိက္ခာပို့နေရပြီး အင်အားဖြည့်တင်းရန် မကွေးတိုင်း အတွင်းတပ်ရင်းများမှ ထုတ်နုတ် အင်အားများ ပို့ဆောင်နေရကြောင်း သိရသည်။

#စလင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #အင်အားဖြည့် #Ayeyarwaddy_Times