ဧရာဝတီတိုင်းမ်
မတ် ၉ ရက်

ဓညဝတီရေတပ်ဌာနချုပ်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေသုံး၍ ခုခံနေရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစတင်ခဲ့သည့် တိုက်ပွဲသည် ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းမှ အဓိကထားတိုက်ခိုက်နေကြောင်း သိရသည်။

“အပေါ်ကလည်း ဒရုန်းတွေ လေယာဉ်တွေနဲ့ ဗုံးကြဲတဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း မီးရှို့ နယ်မြေရှင်းလင်းတာတွေလုပ်နေပါတယ်။ ဒေသခံအားလုံးနီးပါးကတော့ စစ်ရှောင်နေလို့ အထိအခိုက်ကတော့ ပိတ်မိကျန်နေသူအချို့လောက်ပဲရှိမယ်ထင်ပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် ဦးကင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးကြဲချတိုက်ခိုက်သည့်အပြင်မီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၁၄၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် မတ်လ ၇ ရက်နေ့ကလည်း ကြတ္တိန်အောက်ရွာကို ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အိမ်ခြေ ၃၅ လုံးခန့် ပျက်စီးသွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများသဖြင့် အင်အားလိုအပ်ချက်ကိုဖြည့်တင်းရန် ရေးမြို့နယ်မှ ခြေမြန်တပ်ရင်းများ ခေါ်ယူအသုံးပြုနေကြောင်း သိရသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်အောက်ရှိ ရေးအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) လက် အောက်ခံတပ်များကို ကျောက်ဖြူသို့ ပို့ထားပြီး လက်ရှိတိုက်ပွဲပြင်းထန်နေသည့် စီမော်ရွာ ရေခတောင်ကုန်းတိုက်ပွဲတွင် လူသစ်စုဆောင်းခံရသည့် တပ်သားသစ်များကို စစ်ကောင်စီက အသေခံတိုက်ခိုက်ခိုင်းနေကြောင်း သိရသည်။

ကျောက်ဖြူရှိ ဦးကင်း၊ စီမော်၊ ရှောက်ချောင်း၊ စိုင်ခြုံရွာများဘက်သို့ စစ်ကောင်စီက အင်အားရာချီ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင် ဒရုန်းဖြင့် ဗုံးများကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံး AA လက်အောက်သို့ ရောက်ရှိရန် မြို့နယ် သုံးမြို့နယ်သာ ကျန်တော့သည့်အတွက် နောက်ဆုံးကျန်ရှိသည့် စိုးမိုးနယ်မြေများ မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေသုံး၍ ခုခံနေခြင်းဖြစ်သည်။

#ကျောက်ဖြူ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #ကြည်းရေလေ #ခုခံ #ရေး #တပ်သားသစ်ဖြည့် #Ayeyarwaddy_Times